Home » နမ့်တောမှာ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် ဆောက်လုပ်

နမ့်တောမှာ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် ဆောက်လုပ်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တော အ.မ.က မှာ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ဖို့အတွက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၇၅၃ နယ်မြေမှူး စိုင်းနော်ခမ်းမှ သိန်း (၅၀၀) မတည်ပြီး လုပ်ငန်းရှင်တွေက ငွေစိုက်ထုတ်ကာ စတင်ဆောင်ရွက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ လုပ်ငန်းရှင်တွေက ငွေစိုက်ထုတ်ပြီး ဆောင်ရွက်ကြရမှာပါ။ အလှူငွေရရင် ပြန်ပြီးစိုက်ထားတဲ့သူတွေကို ပြန်ပေးရမှာပေါ့၊ နောက်ဆုံး လိုအပ်လာမှ အုပ်ချုပ်ရေးဆိုဒ်ကနေ ပါဝင်ဆောင်ရွက်မယ်ပေါ့ဗျာ၊ ရွာဦးကျောင်းဆရာတော်က စတင်ဆောင်ရွက်ခဲ့တာပါ” လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး ပြောပါတယ်။

နမ့်တော အ.မ.က မှာ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ် ဆောက်လုပ်မှုကို အခု ဧပြီလအတွင်း စတင်ဆောင်ရွက်နေပြီး ကုန်ကျစရိတ် ကျပ်သိန်း ၄ ထောင်ကျော် ကုန်ကျမယ်လို့ ခန့်မှန်းတွက်ချက်မှုအရ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွေမှာလည်း အာဏာပိုင်အစိုးရအဖွဲ့အစည်းတို့ လက်လှမ်းမမှီတဲ့ ဒေသတွေမှာ ဒေသခံတွေဟာ ကျောင်း၊ လမ်း၊ တံတားတွေကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်နေကြရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

တဖက်မှာလည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသအသီးသီးမှာ ပြည်သူလူထုတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှုလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment