ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ARSA အဖွဲ့က ခရီးသည်တင်ကားကို ခြုံခိုတိုက်ခိုက်ပြီး ပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ARSA အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ ခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ နယ်၊ စေတီပြင်ကျေးရွာကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး တွေကို ဝယ်ယူပြီး ခရီးသည် ၅ ဦးတင်ဆောင်ကာ ကျောက်ပန္ဒူရွာဘက်ကို ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဆိုပါ ခရီးသည်တင်ကားဟာ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဘက် တံတားအနီးမှာ ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာတဲ့ ခရီးသည် ၅ ဦး နဲ့ ကားမောင်းသမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ စားသုံးကုန်တွေအားလုံးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပျက်ရာနေရာသို့ AA တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားတဲ့ နေရာ နဲ့ မလှမ်းမကမ်းမှာ ခရီးသည် ၅ ဦးထဲမှ ဝေဝေစိုး အသက် (၃၀) နှစ် နဲ့ နိုင်နိုင်ဆွေ အသက် (၄၀) နှစ် တို့နှစ်ဦးမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုးရဲ့ သမီးငယ် ခိုင်မြတ်မွန် အသက် (၃) နှစ်ကို မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ကားမောင်းသူ ကိုထွန်းဝင်း ခရီးသည် မောင်သန်းထွီး (၂၅)နှစ် တို့ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ AA က ပြောပါတယ်။
မနေ့ ကမနက်ပိုင်းမှာလည်း ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာမှ ကိုကျော်ဝင်းစိုး အသက် (၂၅) နှစ်ကို မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာအနီးမှာ ARSA တပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက် သတ်ဖြတ်သွားတဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေပြီး အသေးစိတ်နဲ့ နောက်ဆက်တွဲ သတင်းတွေကို ထပ်မံတင်ပြပေးသွားမယ်လို့ AA က အသိပေးထားပါတယ်။