ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (HPDF) တပ်ရင်းတွေကနေ ထွက်ပြေးသွားတဲ့ ရဲဘော်တွေကို ရှာမတွေ့တဲ့အခါ သူတို့ရဲ့ မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်း HPDF-124 တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ကျော်ဆန်းလွင် (ခ) ရဲဘော်အာဒံဟာ တပ်ရင်းကနေ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ရှာမတွေ့တော့တာကြောင့် သူ့ရဲ့ အစ်ကိုဖြစ်သူကို HPDF က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ရဲဘော်အာဒံဟာ HPDF-124 တပ်ရင်းမှာ ၂၀၂၂ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တပ်ရင်းအတွင်း ရဲဘော်အချင်းချင်း သဘောထားမတိုက်ဆိုင်မှုတွေ၊ အချင်းများမှုတွေ ဖြစ်ပွားပြီးနောက် တပ်ရင်းကနေ ထွက်ပြေးသွားခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်မှာ HPDF-124 တပ်ရင်းက ရဲဘော် ၃ ဦးဟာ ရဲဘော်အာဒံကို ရှာမတွေ့တာကြောင့် သူ့ရဲ့ အစ်ကိုဖြစ်သူ ကျော်ဆန်းဦးကို ရပ်ရွာတာဝန်ရှိသူတွေထံ အသိမပေးဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အလားတူ HPDF-124 တပ်ရင်းက ရဲဘော်တွေ ထွက်ပြေးသွားတဲ့အခါ သူတို့ရဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေကို အစားထိုးဖမ်းဆီးတာမျိုးတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ထွက်ပြေးတဲ့လူကို မမိရင် သူတို့မိသားစုထဲက အဖေ၊ ဒါမှမဟုတ် အမေကို ဖမ်းတယ်။ သား၊ သမီးတွေနဲ့ လာလဲခိုင်းတယ်။ ပေါ်တာဆွဲခံရတဲ့ ကလေးတွေလည်း ငြိမ်နေကြရတာပဲ။ သူတို့ ထွက်မပြေးရဲဘူး။ သူတို့ထွက်ပြေးရင် သူတို့မိသားစုကို ဖမ်းဆီးတာတွေ လုပ်တော့ သူတို့က မထွက်သွားရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာနဲ့ အနီးဝန်းကျင်က ကျေးရွာတွေမှာ HPDF တပ်ဖွဲ့ဝင်တွေဟာ ရှမ်းနီလူငယ်တွေအပြင် ရွှေလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေကိုပါ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဟုမ္မလင်း HPDF အဖွဲ့တွေဟာ ဒေသခံတွေကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာအပြင် အခွန်အခတွေကိုလည်း အဆမတန် ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေအကြား HPDF အပေါ် အမြင်မကြည်လင်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“ရွာကလူငယ်တွေ ကိုယ့်အိမ်တောင် မပြန်ရဲကြတော့ဘူး။ ကျနော်အပါအဝင် အဝေးရောက်လူငယ်တွေရှိတဲ့ အိမ်ဆို အဖေကို ဖမ်းတယ်၊ သူ့အဖေနေရာ သားတွေကို ဝင်ခိုင်းတယ်။ HPDF က လုပ်နေတာ” လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
တပ်ပြေးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို မတရားဖမ်းဆီးတာနဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကြပ်မတ်ဖြေရှင်းပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
ခန္တီးခရိုင်တပ်ရင်း (၂) အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ ခွင့်လွန်တာ၊ တပ်ပြေးတာနဲ့ တပ်မှကင်းကွာတာတွေ ရှိနေကြောင်း၊ အဲဒီရဲဘော်တွေ ပြန်မလာပါက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြသွားမယ်လို့ ဟုမ္မလင်း HPDF က ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ခန္တီးခရိုင်တပ်ရင်း (၃) က ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်ပြေးနဲ့ ခွင့်လွန်ရဲဘော်တွေ တပ်ရင်းကို ပြန်လာကြဖို့ HPDF-124 က ထုတ်ပြန်သတိပေးခဲ့ပါတယ်။
ဟုမ္မလင်း HPDF အဖွဲ့တွေဟာ ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ပူးပေါင်းကာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။