ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ အရပ်သားတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့် – နန့်ယား – ကားမိုင်းလမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှစ၍ အများပြည်သူ ခရီးသွားလာခြင်း၊ ယာဉ်ကြီးယာဉ်ငယ်တွေ ဖြတ်သန်းသွားလာခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ စစ်တပ်နဲ့ KIA တို့အကြား ဖားကန့်၊ လုံးခင်းဒေသတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့ပါတယ်။
နန့်ယားနဲ့ ကပ်မှော်ကွပ်ကြားမှာ ဈေးသည်အရပ်သားတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး လက်ရှိအချိန်ထိ ၆ ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းပိတ်တယ်ဆိုပြီး KIA က ကြေညာပြီးနောက် ဒီနေ့အထိ အရပ်သားတွေ ၆ ကြိမ်လောက်ရှိပြီ တိုက်ခိုက်ခံရတာ၊ လက်လုပ်လက်စား ဈေးသည်တွေပဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ ၁၃ ရက်နေ့ ဖြစ်စဉ်ကတော့ ကားမိုင်းမြို့ မအူပင်စုရပ်က ဒေသခံတစ်ယောက်ကို ထိတယ်” လို့ ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ခရီးသွား ပြည်သူလူထုတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေက အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်ဆီဆာ၊ အောင်သာယာ၊ ကုဋေမှော် စတဲ့နေရာတွေမှာ စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒရုန်းတွေအပြင် လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။
KIA ရဲ့ လမ်းပိတ်ဆို့မှုတွေနဲ့အတူ ဖားကန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေကြရပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူအများအပြား ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေအပြင် နေအိမ်အဆောက်အအုံတွေ၊ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အချို့နေရာတွေမှာ မီးလောင်ပျက်စီးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဖားကန့်ဒေသဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ရဲ့ အကျိုးစီးပွားရရှိတဲ့ အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး အဲဒီဒေသကို လက်မလွှတ်ရရေးအတွက် KIA က အစွမ်းကုန် ကာကွယ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အရင်ကတည်းက ဖားကန့်ဒေသမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။