ရှေ့တန်းစစ်မြေပြင်တွေမှာ မိမိတို့ရဲ့ အသက်ကို ပဓာနမထားဘဲ ဒေသတွင်း ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်တို့ကို အသက်ပေးကာကွယ်စောင့်ရှောက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်စစ်သည်တော်တွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၉၇၂ မိန်းဟော်တိုင်းနိုင်းမှာ မေလ ၁၅ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းနီဒေသတွင်း ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေ နဲ့ လူမျိုး၊ ဘာသာ၊ သာသနာကို အသက်ပေးကာကွယ်စောင့်ရှောက်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်စစ်သည်တော်တွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
SNA မှ တာဝန်ရှိပုဂ္ဂိုလ်က အာဇာနည်စစ်သည်တော်တို့ရဲ့ ရဲစွမ်းသတ္တိ နဲ့ မျိုးချစ်စိတ်ဓာတ်တွေဟာ နောင်လာနောက်သားတွေအတွက် လေးစားဂုဏ်ယူဖွယ် သမိုင်းမှတ်တမ်းတစ်ရပ်အဖြစ် ထာဝရကျန်ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အာဇာနည်စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကိုတော့ ဆရာတော်သံဃာတော်တွေ၊ ကျေးရွာစီမံအုပ်စုအုပ်ချုပ်ရေးမှူးတွေ ဒေသခံမိဘပြည်သူတွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အသက်ပေးစွန့်လွှတ်သွားကြတဲ့ စစ်သည်တော်တွေရဲ့ စွမ်းဆောင်မှုတွေ နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အလေးပြုခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ နဲ့ ဂုဏ်ပြုလက်ဆောင်ပစ္စည်းတွေကို အာဇာနည်စစ်သည်တော်တွေရဲ့ မိသားစုဝင်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။





