Home စစ်ရေး အင်တာနက်ဖြတ်တောက်၍ လေကြောင်းတိုက်ခိုက်မှု ဆက်ကျူးလွန်

အင်တာနက်ဖြတ်တောက်၍ လေကြောင်းတိုက်ခိုက်မှု ဆက်ကျူးလွန်

by Homeland Author

စစ်တပ်က အင်တာနက်ဖြတ်တောက်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေကို ကျူးလွန်မြဲကျူးလွန်နေတယ်လို့ Myanmar Internet Project (MIP) ရဲ့ သုံးလပတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၃ လတာ ကာလပတ်လုံးမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မကွေးတိုင်း ဆိပ်ဖြူ၊ ပေါက်၊ စစ်ကိုင်းတိုင်း ဘုတလင်၊ ကလေး၊ ဗုံတို၊ တနင်္သာရီ၊ ရှမ်းမြောက် နမ္မတူ နဲ့ ကချင် အစရှိတဲ့ ဒေသတွေကို အင်တာနက်ဖြတ်တောက်ထားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းမှ ဗုံးကြဲမှုဖြစ်စဉ်တွေဟာ စစ်ကိုင်း(ဗုံတို) နဲ့ ရှမ်းမြောက် (နမ္မတူ) ဖြစ်စဉ်တွေက ထင်ရှားတယ်လို့ ဆိုပါတယ်။

မြန်မာအင်တာနက်ပရောဂျက်ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ နိုဝင်ဘာလအထိ အင်တာနက်ဖြတ်တောက်ခံရမှု အကြိမ်ပေါင်း(၄၁၃) ကြိမ် ရှိခဲ့ကာ အဆိုပါ အင်တာနက်ဖြတ်တောက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ အကြိမ်အများဆုံးဖြစ်ပြီး (၁၀၂) ကြိမ် ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အင်တာနက်ဖြတ်တောက်မှုတွေအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့် အင်တာနက်အသုံးပြုမှု ပိတ်ပင်ကန့်သတ်ချက်တွေရှိနေသလို ကျားဖြန့်လုပ်ငန်းတွေနဲ့ဆက်စပ်နေတဲ့ စတားလင့်ခ့်ပိတ်ပင်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း အွန်လိုင်း(အင်တာနက်)အသုံးပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ပြုလုပ်သူ ၄၇ ဦးကို စစ်တပ် လက်အောက်ခံလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးခဲ့တာကို တွေ့ရကြောင်း Myanmar Internet Project (MIP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဆိုပါ ဖမ်းဆီးမှုတွေထဲမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို အသုံးပြု၍ ဖမ်းဆီးမှုတွေရှိပြီး အဆိုပါ ဥပဒေဖြင့် ပထမဆုံးဖမ်းဆီးခဲ့သူ တောင်ကြီးမြို့မှ “နေသွေး” ကို ထောင်ဒဏ် (၇) နှစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ ရုပ်ရှင်ဒါရိုက်တာတွေ နဲ့ သရုပ်ဆောင်တွေကိုလည်း ရွေးကောက်ပွဲဝါဒဖြန့်ချိမှုရုပ်ရှင်ကို ဝေဖန်တယ်လို့ စွပ်စွဲ၍ ဖမ်းဆီးခဲ့မှုတွေ ရှိခဲ့ပြီး အဲဒီလို ဖမ်းဆီးအရေးယူခံရသူတွေထဲမှာ လူမှုကွန်ရက်မီဒီယာမှာ ပို့စ်တင်တည၊ ပြန်လည်မျှဝေတာပြုလုပ်သူကိုသာ မဟုတ်ဘဲ မှတ်ချက်ပေးတာ၊ ရီအက်ရှင်ပေးတာ ပြုသူတွေကိုပါ ဖမ်းဆီးကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေကိုအခြေပြု၍ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခြင်း နဲ့ ထိန်းချုပ်ခြင်းတွေကို စစ်ရေးနည်းဗျူဟာအရ ပြုလုပ်သလို တိုင်းရင်းသားတော် လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် (AA) ကလည်း လုံခြုံရေးအခြေအနေအကြောင်းပြချက်အရ ၎င်းတို့နယ်မြေအတွင်းရှိ အင်တာနက်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းခဲ့တာ တွေ့ရတယ်လို့ Myanmar Internet Project (MIP) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

related posts

Leave a Comment