သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်စခန်းအနီးရှိ လွယ်ရင်တောင်မှာ စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ်တစ်စီးနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည် ၁း၂၇ မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်း နဲ့ မီတာ ၉၀ ခန့် အကွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး တပ်စခန်း စည်းရိုးအချို့ကို ဗုံးစအနည်းငယ် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လည် ၁း၃၀ နာရီအချိန်မှာလည်း တော့ဆန်ကျေးရွာရဲ့ ဘုန်းကြီးကျောင်း အနီးကို ပေါင် ၂၅၀ ဗုံး တစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဇရပ်ဆောင်တစ်ဆောင်၊ ချက်ပြုတ်ဆောင်တစ်ဆောင် အပါအဝင် ကျောင်းအနီးနားရှိ ဒေသခံပြည်သူနေ အိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။