စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် ကံရွာအနီးရှိ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army စခန်းကုန်းတစ်ခုကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကလည်း ဗန်းမောက်မြို့အနီးရှိ စက်တောကျေးရွာ နဲ့ ခမိုးကျေးရွာတွေကို SNA က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ စက်တောကျေးရွာ နဲ့ ခမိုးကျေးရွာတွေကို KIA ဦးဆောင်တဲ့ PDF နဲ့ KaDu Army ပူးပေါင်းတပ်ဖွဲ့တို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။
အဲဒီနောက် SNA က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် အဆိုပါ ကျေးရွာတွေအပါအဝင် ကတူးကျေးရွာအများအပြားကိုလည်း SNA က ထိန်းချုပ်လိုက်ကြောင်း သိရပါတယ်။
SNA ထိန်းချုပ်လိုက်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီး ကျေးရွာသားတွေကို ဖမ်းခေါ်သွားတယ်လို့ သတင်းဌာနအချို့က ရေးသားနေသော်လည်း မဟုတ်မှန်ကြောင်း၊ ကျေးရွာတွေက အရင်အတိုင်း ရှိကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ရေးသားထားပါတယ်။
အလားတူ ကတူးကျေးရွာတွေဖြစ်တဲ့ ကံရွာ၊ အလယ်ရွာ၊ ပမုံ၊ သခွက်သာ၊ ခိုနန်း စတဲ့ကျေးရွာသားအချို့ KIA/PDF/ KaDu Army တို့က ဗန်းမောက်တောင်ပိုင်း စီးမှော် နဲ့ ခမ်းပတ်ကျေးရွာတွေထံ ခေါ်ဆောင်သွားသလို အချို့ကျေးရွာသားတွေဟာလည်း တောတောင်တွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
SNA မှ တာဝန်ရှိသူတစ်ဦးက “KIA/ PDF KuDu Army ကတူးအာမီတို့ ခေါ်ဆောင်သွားခြင်းမရှိတဲ့ ကျေးရွာသားတွေ SNA စစ်ရှောင်စခန်းတို့ အမြန်ဆုံး လာကြဖို့ မေတ္တာရပ်ခံပါတယ်။ မိမိတို့ ကလေးသူငယ်တွေရဲ့ အာဟာရ နဲ့ ကျန်းမာရေး ရှေ့ထားပြီး အမြန်ဆုံးဆက်သွယ် လာကြဖို့ အသိပေးအပ်ပါတယ်” လို့ ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထို့အတူ စစ်ရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဗန်းမောက်မြို့ပေါ် နဲ့ ကျေးရွာအချို့မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတွေကို နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ကူညီထောက်ပံ့နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို KIA ဦးဆောင်တဲ့ PDF နဲ့ KaDu Army ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် SNA ထိန်းချုပ်ဒေသတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် SNA က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် စက်တော၊ ခမိုး၊ ကံရွာအပါအဝင် ကျေးရွာအများအပြားက ထိန်းချုပ်လိုက်ပြီး ဗန်းမောက်မြို့အနီးမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
KIA/PDF တို့ရဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံအများအပြား အပါအဝင် အနီးအနားကျေးရွာရှိ ဒေသခံပြည်သူအများစုဟာ ဘေးကင်းရာသို့ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။


