စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို စစ်ရေးအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း အင်းတော် – ဗန်းမောက်မြို့နယ်ကို ဖြတ်သန်းသွားလာနေကြတဲ့ ဆိုင်ကယ်နဲ့ ကုန်တင်ယာဉ်တွေကို ပကဖ ဂိတ်တွေကနေ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။
အင်းတော်ဒေသဟာ စစ်အုပ်စု အချိန်မရရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လမ်းပိတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဗန်းမောက်မြို့ပေါ်နဲ့ ဗန်းမောက်အနောက်ခြမ်းမှာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA က ထိန်းချုပ်ထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက SNA ကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့က ကုန်စည်စီးဆင်းဖို့အတွက် အင်းတော်-ဗန်းမောက် တလမ်းပဲရှိလို့ အခုလို ပကဖ ပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲလာမှာ ဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်မယ့်ရက်ကို ကြေညာပေးသွားမယ်လို့လည်း အင်းတော်မြို့နယ် ပကဖက အသိပေးထားပါတယ်။
YouTube – https://www.youtube.com/@HNA-7
Telegram – https://t.me/+InLvdXLY8MdmNzE1