Home » နေပြည်တော်မှာ NSPNC နဲ့ TNLA တို့ တွေ့ဆုံ

နေပြည်တော်မှာ NSPNC နဲ့ TNLA တို့ တွေ့ဆုံ

by Homeland Author

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တအာင်းတပ် (TNLA) တို့ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

NSPNC ရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ TNLA ဘက်က ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်က TNLA နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေဖြစ်ပြီး ဒေသတည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးပေးစေလိုကြောင်း၊ ပလောင်ဒေသရှိ ပြည်သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတို့ကို ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကလည်း စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ရှိပြီး ဒီဆွေးနွေးမှုမှတဆင့် အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

စစ်တပ် နဲ့ TNLA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ တိုက်ပွဲတွေရပ်တန့်ပြီးနောက် ပထမဆုံးအကြိမ် နေပြည်တော်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ဇွန်လ ၄ ရက်နေ့ကလည်း နေပြည်တော်မှာ NSPNC နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ဇွန်လ ၉ ရက်မှာ NSPNC နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ 7 EAO Alliance တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

NSPNC ဟာ “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်က သမ္မတရာထူးကို ရယူပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို မည်သည့်ကန့်သတ်ချက်မှမထားဘဲ ငြိမ်းချမ်း ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

related posts

Leave a Comment