စစ်ပွဲဒဏ်ကြောင့် တိတ်ဆိတ်ခြောက်ကပ်ပြီး ပျက်စီးခဲ့ရတဲ့ ဗန်းမောက်မြို့ဟာ အခုချိန်မှာတော့ ပြန်လည်စည်ကား လာနေပြီပဲ ဖြစ်ပါတယ်။ အခုတွေ့နေရတာကတော့ ဗန်းမောက်မြို့ရဲ့ မနက်ခင်းဈေးလေးတစ်ခုပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ကာ ဗန်းမောက်မြို့သိမ်းတိုက်ပွဲလို့ဆိုပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်ကြတဲ့ ကတူးအာမီ၊ ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ အဆိုပါ တိုက်ပွဲကြောင့် မြို့ခံပြည်သူလူထုတွေ နဲ့ အနီးအနားကျေးရွာရှိ ပြည်သူတွေဟာ ဘေးကင်းရာ ဒေသအသီးသီးကို တိမ်းရှောင်သွားကြရပါတယ်။
ထို့အတူ တိုက်ပွဲကြောင့် လူနေအိမ်အဆောက်အအုံ ပျက်စီးမှု၊ ဌာနဆိုင်ရာအဆောက်အအုံတွေ မီးလောင်ပျက်စီးမှု၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို SNA နဲ့ တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးနောက်၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကစ၍ ပြည်သူလူထုတွေကို မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဗန်းမောက်မြို့ဟာ ကုန်စည်ကူးသန်းမှုမှာ အခက်အခဲတွေ ရှိနေသေးသော်လည်း ပြည်သူလူထု အများအပြားဟာ ပြန်လည်ဝင်ရောက်လာကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ ရှမ်းနီ၊ ကတူး၊ ကနန်းအပြင် တခြားသော လူမျိုးတွေလည်း နေထိုင်ကြပြီး၂၀၁၄ သန်းခေါင်စာရင်းအရ မြို့နယ်တခုလုံးမှာ လူဦးရေ ၁၁၂,၆၆၈ ဦးရှိကာ မြို့နယ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရှမ်းနီလူမျိုးတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။