တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်တို့မှ ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာဖို့ စစ်တပ်နဲ့ သဘောတူမှုရရှိခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ၂၇၊ ၂၈ရက်တို့မှာ ပြုလုပ်ပြီးနောက် အထက်ပါအတိုင်း သဘောတူခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး သဘောတူသတ်မှတ်ထားတဲ့ ကာလအတွင်း မိုးကုတ် နဲ့ မိုးမိတ်မှ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ ဆိုသော်လည်း ဆုတ်ခွာမယ့်အချိန်ကိုမူ TNLAက ထုတ်ပြန်ထားခြင်းမရှိပေ။
တဖက်မှာလည်း TNAL ထိန်းချုပ်ဒေသကို စစ်တပ်က လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မပြုဘဲ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ၂၉ရက် ၀၀း၀၀နာရီအချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိတဲ့နေရာမှာ တပ်တွေ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ TNLAက ပြောပါတယ်။