တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ စက္ကူစုတ်တစ်ခုဖြစ်သွားစရာအကြောင်း မရှိဘူးလို့ စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုဟာ NCA ရဲ့ အခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် NCA လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က အောက်တိုဘာ ၁၃ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ဒီ NCA စာချုပ်သည် နိုင်ငံတကာသက်သေတွေရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက်ပေါ့နော်၊ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူတို့ပြောသလိုပဲ NCA စာချုပ်က စက္ကူစုတ်တစ်ခုဖြစ်သွားစရာ အကြောင်းမရှိဘူး။ ဒီအဖွဲ့အစည်းတွေ ရှိနေသမျှ ကာလပတ်လုံး NCA စာချုပ်၊ NCA ရဲ့ ကတိပြုချက်က ရှိနေတာဖြစ်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင် NCA စာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးအထိပါတဲ့အတွက် ၎င်းတို့ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်က ဆက်လက်တည်ရှိနေမယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ၆ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်ထဲမှာ NCA လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကာလအတွင်း စစ်တပ်ဟာ လုပ်ငန်းစဉ်တွေကို လွှမ်းမိုးထိန်းချုပ်ခြင်း၊ တဖက်သတ်ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်အောင် တားဆီးခြင်းတွေ ပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်တွေကိုအကြိမ်ကြိမ်ချိုးဖော်တာတွေရှိခဲ့ပေမယ့် သဘောတူညီချက်အချို့ရအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ဒီ NCA စာချုပ်က စတင်ဖြစ်ပေါ်လာတာက ကျနော်တို့က တိုင်းရင်းသားတွေ၊ EAO တွေ အရင်ဆွေးနွေးပြီးမှ ဖြစ်ပေါ်လာတာ ဖြစ်တယ်၊ ခင်ဗျားတို့ ကျနော်တို့ သိခဲ့ပြီးတဲ့အတိုင်းပဲ လိုင်ဇာမှာ လုပ်ခဲ့တယ်၊ လော်ခီလာမှာ လုပ်ခဲ့တယ်။ ဒါက တိုင်းရင်းသား နယ်မြေတွေမှာ လုပ်ခဲ့တာ၊ ကချင် KIA နယ်မြေမှာ လုပ်ခဲ့တာ၊ KNU နယ်မြေမှာ လုပ်ခဲ့တာ၊ လုပ်ပြီးမှ ဒီ NCA စာချုပ် ဖြစ်ပေါ်လာတာ၊ အဲဒီသဘောတူညီချက်နဲ့ လုပ်ခဲ့တာဖြစ်တယ်။ အခုချိန်ပြောနေတာတွေက NCA စာချုပ်နဲ့ ပတ်သက်ပြီး NCA စာချုပ်ကို စက္ကူစုတ်တစ်ခုလို့ ပြောနေတာတွေက အဓိပ္ပာယ်ရှိရဲ့လားလို့ ကျနော်တို့ ပြန်လည်စဉ်းစားရမယ်” လို့ ပြောပါတယ်။
ဒီ NCA စာချုပ်ထက် ပိုပြီးပြည့်စုံတဲ့ဟာ ပေါ်လာစာရာအကြောင်း မရှိဘူးကြောင်း၊ မိမိတို့ ခံယူထားရမှာက မသိတာထက်၊ သိတာ ပိုကောင်းကြောင်း၊ ရှိတာထက် ရှိတာပိုကောင်းတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လက်နက်ကိုင် ၆ ဖွဲ့ကတော့ စစ်အုပ်စုဟာ NCA အမည်ခံပြီး ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်တွေက နိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေး၊ တရားမှုရှိဖို့ကြိုးပမ်းနေခြင်းတို့သာဖြစ်တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကိုအောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံတကာ သံတမန်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တွေ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ တက်ရောက်ခဲ့တာတွေ့ရပါတယ်။
NCA စာချုပ်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ KNU၊ CNF ၊ ABSDF၊ PNLO နဲ့ LDU တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းလိုက်ခြင်းကြောင့် KNU၊ CNF၊ ABSDF တို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း၍ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သလို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ PNLO တို့မှ အဖွဲ့ဝင်အချို့ဟာလည်း ခွဲထွက်၍ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးတွဲလှုပ်ရှားလျက်ရှိပါတယ်။