ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ လက်နက်ကိုင်အဖွဲ့တွေအနေဖြင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး မိမိတို့နဲ့ ပူးပေါင်းဖို့ စစ်တပ်က ဖိတ်ခေါ်ထားပါတယ်။
မိမိတို့ စစ်တပ်နဲ့ လက်တွဲကာ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆိုပါက ကြိုဆိုလက်ခံသွားမှာ ဖြစ်ကြောင်း၊ အဲဒီလို ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းတွေ၊ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မိမိိတို့ရဲ့ မျှော်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရည်မှန်းချက်ကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်လို့ ဆိုထားပါတယ်။
မိမိတို့အနေနဲ့ ရွေးကောက်ပွဲ ကျင်းပတော့မယ့် အခြေအနေမျိုးမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမယ်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမှာ မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ CRPH နဲ့ NUG တို့ရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းစပျောက်သွားဖို့မလိုဘဲ မိမိတို့ရဲ့ ယုံကြည်ချက်၊ မိမိတို့ရဲ့ မျှော်မှန်းချက် လမ်းကြောင်းပေါ် ရောက်ရှိရေး ဆက်လျှောက်လှမ်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်နဲ့ အစိုးရတွေ ပေါ်ပေါက်လာရင် ၎င်တို့သာ ရွေးကောက်ခံအစိုးရဟူသည့် ရပ်တည်မှု ပျောက်ဆုံးမှာကို စိုးရိမ်နေတဲ့ CRPH နဲ့ NUG တို့ရဲ့ လုပ်ဆောင်မှုတွေဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်နေပါက မှန်ကန်တဲ့ လမ်းကြောင်းကို ပြောင်း၍ လျှောက်လှမ်းရမည်ဟာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်၊ လူရွယ်အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်လျက်ရှိတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းဖို့ ကြိုးစားမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာသော်လည်း ဘယ်လိုရလဒ်မှ မထွက်တဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့တာကို သင်ခန်းစာယူကာ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့ ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လူမှုဘဝ ပျက်စီးရခြင်း၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ ဖြစ်စေ ရွေးကောက်ပွဲ လမ်းကြောင်းကို အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။