Home » ဟုမ္မလင်း ရှမ်းနှစ်သစ်ကူးပွဲတော်မှာ နိုင်ငံကျော်ရှမ်းအဆိုတော်တွေ လာရောက်ဖျော်ဖြေမယ်

ဟုမ္မလင်း ရှမ်းနှစ်သစ်ကူးပွဲတော်မှာ နိုင်ငံကျော်ရှမ်းအဆိုတော်တွေ လာရောက်ဖျော်ဖြေမယ်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့မှာ ကျင်းပမယ့် ရှမ်းနှစ်သစ်ကူးပွဲတော်မှာ နိုင်ငံကျော် ရှမ်းအဆိုတော်တွေ လာရောက်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုင်ငံကျော် ရှမ်းအဆိုတော်တွေဖြစ်တဲ့ စိုင်းအောင်ထီးခမ်း၊ The Sai နဲ့ နန်းအေဝီးတို့က လာရောက်ဖျော်ဖြေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းနီတိုင်းရင်းသားတို့ နေထိုင်ရာဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့၊ မြေနီကုန်းရပ်ကွက်ရှိ “ရှမ်းရိုးရာကွင်း” မှာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ ၉၊ ၁၀၊ ၁၁ ရက်နေ့တွေမှာ ၃ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။

နတ်တော်လဆန်း ၁ ရက်နေ့ဟာ ရှမ်းတိုင်းရင်းသားတို့ရဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ရောက်ရှိတဲ့နေ့ဖြစ်ကာ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းတိုင်းရင်းသားတွေ နေထိုင်အခြေချရာ ဒေသအသီးသီးမှာ နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကို မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။

ရှမ်းတို့ရဲ့ နှစ်သစ်ကူးပွဲတော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းတွေကို ဘွဲ့တွေချီးမြှင့်ခြင်း၊ စာပေ၊ ဂီတနဲ့ အနုပညာရှင်တွေကို ဆုပေးခြင်း၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုခြင်း စတဲ့ အစဉ်အလာတွေ ရှိခဲ့ကြပါတယ်။

ရှေးရိုးရာထုံးတမ်းတွေအရ နှစ်သစ်ကို ကြိုဆိုတာ၊ နှစ်သစ်ကို ဂါရဝပြုတာ၊ ရိုးရာအစားအစာတွေနဲ့ ဧည့်ခံတာ၊ ကုသိုလ်ကောင်းမှု ပြုလုပ်တာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာတို့ကိုလည်း ပြုလုပ်ကြပါတယ်။

အလားတူ နှစ်သစ်ကူးမီးရှူးခံ (တူၵ်းသူး) ထွက်ခြင်းဟာလည်း အိမ်ရှင်ကို ဂါရဝပြုတာ၊ နှစ်သစ်မှာ ဆုမွန်ကောင်းတွေ လာရောက်တောင်းပေးတာ၊ ဆွေမျိုးသားချင်းသဘောဆောင်ခြင်း စတဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်တဲ့ ရှေးရိုးရာအစဉ်အလာတစ်ခုကို ထိန်းသိမ်းခြင်းပဲ ဖြစ်ပါတယ်။

related posts

Leave a Comment