စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနဲ့အတူ လူမှုတော်လှန်ပြောင်းလဲရေးကိုပါ ပူးတွဲဆင်နွှဲကြဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းလိုက်ပါတယ်။
(၅၁) နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့နဲ့ပတ်သက်၍ PNFC ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
၁၉၈၈ နောက်ပိုင်း လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ကြတယ်ဆိုတဲ့ ခေတ်ကာလမှာပဲ စစ်အာဏာရှင်တွေနဲ့ ၎င်းတို့ရဲ့ လက်ကိုင်တုတ်တွေရဲ့ ဆိုးသွမ်းမှုဒဏ်ကို ပအိုဝ်းပြည်သူတို့ အလူအလဲ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပအိုဝ်းပြည်သူတို့ရဲ့ ဘဝဟာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ လုံခြုံမှု မရှိဘဲ အကြမ်းဖက်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့အတူ နေ့တဒူဝ အသားကျနေလျက်ရှိတယ်လို့ PNFC က ဆိုပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ကျောက်တလုံးကြီးမြို့နယ်ခွဲ ဆောင်းဖိုးတခေါ့ရွာမှ လေဖြတ်ထားတဲ့ အသက် ၇၂ နှစ်အရွယ် အဖိုးအိုကို သမင်ဖြူရောဂါဖြစ်ပွားတယ်လို့ဆိုကာ ရွာနဲ့ဝေးတဲ့ တောထဲသို့ ရွာသားတွေက ၃ ကြိမ်မြောက် မောင်းထုတ်တာ ဖြစ်ပွားခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၁၆ ရက်နေ့က ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ ချစ်သူနဲ့ချိန်းတွေ့မှုကြောင့် ၎င်းရဲ့ နေအိမ်ဖျက်ဆီးခံရပြီး ရိုက်နှက်အကြမ်းဖက်ခံရတာတွေအပြင် ပြစ်မှုကျူးလွန်သူ ရွာသူကြီးနဲ့ ကျေးရွာသားတွေကို အကြမ်းဖက်ခံရသူ အမျိုးသမီးငယ်က ပြန်တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ချိန်းတွေ့ဟုဆိုကာ ရွာသူကြီးနဲ့ ကျေးရွာသားတွေကို ပြန်တောင်းပန်ရစဉ်
ဒါ့အပြင် စက်တင်ဘာ ၂၂ ရက်က ပင်လောင်းမြို့နယ် ထီရုဲင်ရွာက ခွန်ကျော်ထွန်းကို PNO က မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ စွပ်စွဲကာ အကြိမ်ကြိမ် ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖြစ်အပျက်တွေဟာ ပအိုဝ်းတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို သေးသိမ်မှေးမိန်စေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ PNFC က ဆိုပါတယ်။
ပအိုဝ်းဒေသတွေမှာ ဒီမိုကရေစီစနစ်ကို အစားထိုးမကျင့်သုံးနိုင်ခဲ့ခြင်း၊ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ အခြေခံအခွင့်အရေးဆိုင်ရာ အသိအမြင် အလေ့အကျင့်တွေကို ပြုစုပျိုးထောင်နိုင်မှု မရှိခဲ့တဲ့အပြင် ဒီလိုလေ့ကျင်ပျိုးထောင်မှုတွေကိုလည်း လက်မခံဘဲ ဆန့်ကျင်ပစ်ပယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရှေ့ရိုးစွဲအတွေးအခေါ်အယူအဆတွေနဲ့အတူ ပဒေသရာဇ်စနစ်ဆိုး ပုံစံတမျိုးဖြင့် တကျော့ပြန်ခေါင်းထောင်လာတယ်လို့ ဆိုပါတယ်။
အဲဒီ ရှေ့ရိုးစွဲအတွေးအခေါ်အယူအဆတွေနဲ့ ဒီစနစ်ဆိုးတွေကို အသုံးချနေတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာနဲ့အမျှ ဒီအဖြစ်ဆိုးတွေကို ပအိုဝ်းပြည်သူတို့ ခံစားကြရဦးမယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးကြီး အောင်မြင်ရေးနဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေး အောင်မြင်ပြီးပြည့်စုံရေး အတွက်လူမှုတော်လှန်ပြောင်းလဲရေးကိုပါ ပူးတွဲဆင်နွှဲကြဖို့ PNFC က တိုက်တွန်းထားပါတယ်။