သျှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ လူမျိုးရေးဝါးမျိုမှုနဲ့ ယဉ်ကျေးမှုဝါးမျိုမှုဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က အစီရင်ခံစာတစ်စောင်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
MNDAA က သျှမ်းမြောက်ရှိ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးနဲ့ သီပေါမြို့တွေရှိ ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ MNDAA က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့ကို ဆင်နွှဲခဲ့ပြီးနောက် သျှမ်းမြောက်က မြို့အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ရှမ်းဘာသာဖြင့် ရေးသားထားတဲ့ ဆိုင်းဘုတ်ကို MNDAA ဖြိုချ
၂၀၂၅ ခုနှစ် မတ်လအတွင်းက ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းရွာ ရေထွက်ဦးမှာ လာရောက်ရွှေတူးဖော်နေကြတဲ့ တရုတ်လုပ်ငန်းရှင်နဲ့ MNDAA ကို ဒေသခံတွေက သွားရောက်ဆန္ဒပြခဲ့ရာ MNDAA က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
MNDAA ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ ဒေသခံတွေကို လျော်ကြေးပေးမယ်လို့ ဆိုသော်လည်း လက်ရှိအချိန်ထိ ပေးဆောင်ခြင်း မရှိသလို မူလက ကတိပေးထားတဲ့ ရွှေတူးဖော်မှုတွေကို ရပ်တန့်မယ်ဆိုတဲ့အချက်ကိုလည်း လိုက်နာခြင်း မရှိဘူးလို့ ဆိုပါတယ်။
အလားတူ သိန္နီမြို့နယ် စည်ပင်သာယာဈေးမှာ အလုပ်လုပ်နေတဲ့ အသက် ၅၄ နှစ်အရွယ် စည်ပင်ဝန်ထမ်း ဦးအေးကို လူသတ်မှုမှာ ပါဝင်တယ်လို့ ဆိုကာ ဖမ်းဆီးနှိပ်စက်တာကြောင့် သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် အမှန်တကယ် လူသတ်မှု ကျူးလွန်သူကိုလည်း နောက်ပိုင်းမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလအတွင်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပေါ်မှာ ပိုင်ရှင်တွေကို အသိမပေးဘဲ တရုတ်လုပ်ငန်းရှင်တွေကို ရွှေတူးဖော်ဖို့ MNDAA က ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူရာချီ သွားရောက်ဆန္ဒပြကြရာ ရွာသား ၃၆ ဦးကို အဓမ္မဖမ်းဆီးသွားခဲ့ပြီး ရိုက်နှက်နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ DYC က ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလအတွင်းက လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုမှာ MNDAA က လူငယ် ၇၀ ကျော်ကို မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး အကြောင်းပြ၍ သိန္နီမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဆိုပါ လူငယ်တွေကို မိသားစုဝင်တွေက သွားရောက်ရွေးယူခဲ့သလို ဆွေမျိုးမရှိသူတို့မှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။

ဒေသခံတွေရဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တရုတ်၊ မြန်မာဘာသာဖြစ် MNDAA ပြောင်းလဲမှု
MNDAA ဟာ ဒေသခံ တိုင်းရင်းသားတွေရဲ့ လယ်ယာမြေတွေ၊ လက်ဖက်ခြံတွေနဲ့ ဒေသ အသက်သွေးကြောဖြစ်တဲ့ ရေထွက်ဦး တောအုပ်တွေမှာ ဒေသခံတွေရဲ့ သဘောတူညီချက်မရဘဲ အတင်းအဓမ္မ သိမ်းဆည်းတာ၊ သယံဇာတ စီးပွားရေး လုပ်ငန်းရှင်တွေကို နေရာချပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် MNDAA ထိန်းချုပ်ရာ ဒေသတွေမှာ ၎င်းတို့ တပ်ဖွဲ့ဝင်တွေက ကလေးသူငယ်တွေနဲ့ မိန်းမပျိုငယ်တွေအပေါ် လိင်အကြမ်းဖက်မှု ကိုယ်ထိလက်ရောက် ကျူးလွန်နေတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး အဆိုပါ ကျူးလွန်မှုတွေကို ထိရောက်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြစ်ဒဏ်ပေး အရေးယူမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပန်ဆိုင်းမြို့ရှိ အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်ကို MNDAA က မုဒိမ်းမှု ကျူးလွန်မှု၊ သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုနေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ ကျူးလွန်သူ MNDAA တပ်သားတွေကို အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။
MNDAA ဟာ သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်တွေမှာ ဆိုင်းဘုတ်တင်ရာမှာ ရှမ်းဘာသာစကား အသုံးပြုမှုကို တားမြစ်ပြီး တရုတ်ဘာသာစကားနဲ့ မြန်မာဘာသာစကားကိုသာ အသုံးပြုရမယ်လို့ ဆိုပါတယ်။ အလားတူ ၂၀၂၅ နိုဝင်ဘာလမှာလည်း မိုင်းရယ် – လားရှိုးလမ်းပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ရာ ကျေးရွာတွေမှာ တရုတ်ဘာသာစကားကို ဦးစားပေး အသုံးပြုဖို့ ဖိအားပေးညွှန်ကြားခဲ့ပါတယ်။
အဆိုပါ သိန္နီမြို့နဲ့ မိုင်းရယ်မြို့တို့ဟာ ရှေးသမိုင်းအစဉ်အဆက် ရှမ်းတိုင်းရင်းသားတွေ အဓိက နေထိုင်ရာ မြို့တွေဖြစ်ပြီး ရှမ်းဘာသာစကား အသုံးပြုခွင့် ပိတ်ပင်တာဟာ လူမျိုးရေး ဖိနှိပ်မှု သဘော သက်ရောက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် MNDAA အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေ၊ ဌာနေတိုင်းရင်းသား အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို ချွင်းချက်မရှိ အပြစ်ပေး အရေးယူပေးဖို့၊ ဒေသခံတွေရဲ့ နောက်ဆက်တွဲ နစ်နာမှုတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိပေးဖို့၊ ဒေသခံတွေ သဘောမတူတဲ့ သယံဇာတတူးဖော်မှု စီမံကိန်းတွေကို ရပ်တန့်ဖို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က တောင်းဆိုထားပါတယ်။
ဒီအစီရင်ခံစာကိုတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း MNDAA တပ်ဖွဲ့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပိုင်း (၅) ပိုင်းခွဲ၍ သျှမ်းလူငယ်ကွန်ဂရက် (DYC) က စုစည်းတင်ပြခဲ့တာပဲ ဖြစ်ပါတယ်။