ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံ PDF တို့ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းတွေနဲ့ စခန်းတွေကို မြန်မာစစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်းတော်–ဝန်းသို–ကောလင်း လမ်းကြောင်းနဲ့ အင်းတော်–မအူကုန်း–ကျောက်တန်း လမ်းကြောင်းပေါ်ရှိ KIA/PDF တို့ရဲ့ စခန်းတွေကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုအတွက် အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် မန္တလေး–မတ္တရာ–သပိတ်ကျင်း–တကောင်း–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင်–မိုးညှင်း–မိုးကောင်း–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေလ ၆ ရက်မှာ လမ်းကြောင်းတစ်လျှောက်ကို အပြည့်အဝ ထိန်းချုပ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် အင်းတော်–ဝန်းသို–ကောလင်း လမ်းကြောင်းနဲ့ အင်းတော်–မအူကုန်း–ကျောက်တန်း လမ်းကြောင်းပေါ်ရှိ KIA/PDF တို့ရဲ့ စခန်းတွေကို ရှင်းလင်းနိုင်ဖို့ အင်းတော်မြို့မှာ တပ်ဖွဲ့တွေ စုဖွဲ့ပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၅ ရက်ကနေ ၁၈ ရက်အတွင်း လယ်နောင်၊ ကမ်းနီ၊ ပင့်သချေ၊ မဲဇာ၊ လယ်ဇင်၊ နန့်သဲ၊ ကျောက်တော၊ ကြိမ်ချောင်း၊ တွင်ပိန်းအင်း၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ ထန်းတပင်၊ နမ်းခမ်း၊ လယ်ပြင်နဲ့ မအူကုန်းကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါစစ်ဆင်ရေးအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး KIA/PDF ဘက်က အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်အပြင် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်အနေနဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။