အိန္ဒိယနိုင်ငံ၊ အာရူးနားချာပရာဒေ့ရှ်ပြည်နယ် ချန်လန်းခရိုင်၊ ဒွိုင်မွတ်နားလား (Doimuk Nala) ဒေသမှာ လှုပ်ရှားနေတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) တပ်ဖွဲ့ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က တိုက်ခိုက်တာကြောင့် နှစ်ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၁၁ ရက် ည ၈ နာရီကျော်မှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က တိုက်ခိုက်တာကြောင့် NSCN-K/AM ဘက်က ဒုတိယဗိုလ်မှူးကြီး နဲ့ တပ်ကြပ်ကြီးတို့ သေဆုံးခဲ့တယ်လို့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် ဒေသတွင်းငြိမ်းချမ်းရေး၊ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်ပြီး အဖွဲ့အစည်းတွေကြားမှာလည်း တင်းမာမှုတွေကို ပိုမိုတိုးလာစေတယ်လို့ ဆိုပါတယ်။
လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကိုလည်း ခြိမ်းခြောက်ရာ ရောက်စေပြီး အလားတူ တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှု လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေး နဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ကတိကဝတ်ကို ရှင်းလင်းစွာ ပြသထားချိန်မှာ အခုလို တာဝန်မဲ့ပြီး ရန်စတဲ့ လုပ်ရပ်မျိုးကို မိမိတို့အနေနဲ့ ပြတ်ပြတ်သားသား ရှုတ်ချတယ်လို့ ဆိုပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေစိုက်ပြီး အိန္ဒိယ နဲ့ မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။