တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ ဒီနေ့ ဧပြီ ၃၀ ရက်နေ့မှာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပုံနဲ့တကွ ရေးသားဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ကသာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အင်းတော်မြို့နယ် နဘားကျေးရွာကို ရောက်ရှိလာခဲ့ပြီး ဒီနေ့မှာတော့ အင်းတော်ဘက်ကို ဦးတည်ထွက်ခွာလာခဲ့တာပါ။
အဲဒီနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဖက် လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိမှာတော့ စစ်တပ်က အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာလည်း တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြိုကို စစ်တပ်က ပြန်လည် သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း နဲ့ ကချင်နယ်စပ်၊ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့ကို ကျောင်းသားတပ်ဖွဲ့ (ABSDF) နဲ့ NUG လက်အောက်ခံတပ် PDF ပူးပေါင်းတပ်တို့ ၈ လကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။


