အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်သို့ ပြောင်းရွှေ့ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်အမှတ် အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာ ထားသောအားဖြင့်လည်းကောင်း နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ သတ်မှတ်တာလို့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ထုတ်ပြန်လာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး နေပြည်တော်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံ လျက်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက် ကျခံစေဖို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်တာလို့ ဆိုပါတယ်။