အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့က တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်စွဲမြဲဆုပ်ကိုင်ထားကြောင်း ပြောကြားလိုက်ပါတယ်။
အဆိုပါပြောကြားချက်ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီတို့ ဇွန် ၁၇ ရက်က မိုင်းလားဒေသမှာ တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အထူးဒေသ(၄) ကို သွားရောက်ခဲ့ပြီး၊ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း အထူးဒေသ(၄) အနေဖြင့် ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း ချမှတ်ခဲ့တဲ့ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုတဲ့ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပြီး၊ တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကိုလည်း စွဲမြဲစွာ ဆုပ်ကိုင်ထားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်ငြိမ်ရေးတို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

ဦးထိန်လင်းကလည်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ ပညာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်ရဲ့ မူဝါဒများကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်ဖက်တာဝန်ရှိသူတွေဟာ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေးအပြင် ဒေသဖွံ့ဖြိုးရေး၊ အစားထိုးသီးနှံစိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
NDAA ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ကို အခြေပြုထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မိုင်းလားဒေသမှာ အဓိကလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။


