အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ 7 EAO Alliance တို့ ဒီနေ့ ဇွန်လ ၉ ရက်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး NSPNC က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် တရားဝင်ဖိတ်ခေါ်မှုကို ကြိုဆိုတယ်လို့ 7 EAO Alliance မှ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
NSPNC က မိမိတို့ကို တဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့အလိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စာနဲ့ ထပ်မံဖိတ်ခေါ်ရုံသာမက တဖွဲ့ချင်းထံ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားကို ရှင်းပြပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ဆောင်ရွက်တာဟာ ယုံကြည်မှုကို တည်ဆောက်တာဖြစ်သလို အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်မှုကို ပြသရာလည်း ရောက်တယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ NSPNC နဲ့ အပစ်ရပ် ၇ ဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (7 EAO Alliance)
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေတွေနဲ့အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကို ရည်မှန်းပြီး ဆောင်ရွက်ဖို့ သဘောထားရှိတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
7 EAO Alliance ကိုတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ဇွန်လ ၄ ရက်နေ့ကလည်း နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။