Home စီးပွားရေး ဟုမ္မလင်း၊ နမ့်တောမှာ ကြက်ဥ ၁ လုံး ၃၀၀၀ နဲ့ ခရမ်းချဉ်သီး ၁ ပိဿာ ၈ သောင်းအထိ ဈေးမြင့်တက်နေ

ဟုမ္မလင်း၊ နမ့်တောမှာ ကြက်ဥ ၁ လုံး ၃၀၀၀ နဲ့ ခရမ်းချဉ်သီး ၁ ပိဿာ ၈ သောင်းအထိ ဈေးမြင့်တက်နေ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ ကြက်ဥ ၁ လုံး ၃၀၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ ပိဿာ ၅ သောင်းကျပ်မှ ၈ သောင်းကျပ်အထိ အဆမတန် ဈေးနှုန်း မြင့်တက်နေတယ်လို့ မြို့ခံတစ်ဦးဖြစ်သူ စိုင်းအေးက ပြောပါတယ်။

ကျန်တဲ့ ကုန်ပစ္စည်းတွေမှာ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပြီး ကြက်ဥ နဲ့ ခရမ်းချဉ်သီးမှာ ဈေးအမြင့်ဆုံးအထိ တက်နေတယ်လို့ ၎င်းက ပြောပါတယ်။

“အခု နမ့်တောမှာ ကြက်ဥ တလုံး ၃၀၀၀၊ အိမ်ဥ တောကြက်ဥဆိုရင် ၄၀၀၀၊ ခရမ်းချဉ်သီး တပိဿာ ၅၀၀၀၀ ကနေ ၈၀၀၀၀ ထိ ပေါက်တယ်။ မနက်က ဈေးမှာ သွားဝယ်တာ ခရမ်းချဉ်သီး ၅၀၀၀ ဖိုး ၄ လုံးပဲ ရခဲ့တယ်” လို့ ပြောပါတယ်။

နမ့်တောမှာ အခြေခံစားသောက်ကုန်တွေ အဆမတန် ဈေးမြင့်တက်နေတဲ့အတွက် လက်ဖက်ထမင်း တပွဲကို ၁၀၀၀၀ ကျပ်ဖြစ်ပြီး ကြက်ဥပါရင် ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အလားတူ နောင်ပူအောင်စံပြကျေးရွာမှာလည်း ကြက်ဥ ၁ လုံး ၂၀၀၀ ကျပ်၊ ၃ လုံးကို ၅၀၀၀ စသဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်း၊ တရက်နဲ့တရက် ဈေးနှုန်းမတူကြောင်း နောင်ပူအောင် ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှစ၍ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းခွင့်တွေအပြင် အင်တာနက်တွေပါ အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကုန်ကားတွေ၊ ဆီကားတွေ ဝင်ရောက်ခြင်း မရှိတဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားကြောင်း နမ့်တော ဒေသခံတစ်ဦးက ပြောပါတယ်။

“ကားလမ်းက ပြီးခဲ့တဲ့လ ၁၅ ရက်ကတည်းက PDF တွေ ပိတ်ထားတာ၊ အကန့်အသတ် မရှိ၊ ဆီကားတွေ မဝင်တော့ဘူး။ ကုန်ကားလည်း မဝင်တော့ဘူး။ အဆိုးဆုံးက ကုန်ဈေးနှုန်း ကြီးလာတာ၊ ဗန်းမောက်လမ်းဖက်က ဝင်တာ၊ အဲဖက်က တိုက်ပွဲဖြစ်နေတော့ မလာကြတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဟုမ္မလင်းမြို့ရဲ့ ကုန်စည်တွေအတွက် လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အားထားနေရပြီး မုံရွာ – ဟုမ္မလင်း ရေကြောင်းလမ်း၊ ကားလမ်းတွေကို တော်လှန်ရေး အင်အားစုတွေက အကန့်အသတ်ဖြင့်သာ ဖွင့်ပေးနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment