သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ စစ်မှုမထမ်းမနေရစနစ်နဲ့ ကိုးကန့်တပ် (MNDAA) က တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်မှုထမ်းဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ကိုးကန့်တပ်က တစ်အိမ်တစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းတပ်သားသစ်တွေ စတင်ကောက်ယူနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုးကန့်တပ် MNDAA က သူတို့ ပြုလုပ်ပေးထားတဲ့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေကို အခြေခံပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းဆောင်ရမယ်လို့ ပြောဆိုထားပြီး စစ်မှုမထမ်းလိုဘဲ တိမ်းရှောင်ပါက နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်မှုမထမ်းလို့ တစ်အိမ်လုံး ရှောင်တိမ်းတဲ့သူရှိရင် အဲဒီအိမ်နဲ့ ခြံမြေတွေ ချိတ်ပိတ်ခံရမယ်လို့ ပြောတယ်။ ဒါက ရှောင်လွှဲလို့မရတဲ့ သျှမ်းမြောက်က ဒေသခံတွေရဲ့ အခက်အခဲပါ။ မသွားချင်လို့လည်း မရဘူး။ ပြီးတော့ အမျိုးသားတွေပဲ မဟုတ်ပါဘူး။ သားမရှိတဲ့အိမ်ဆိုရင် သမီးမိန်းကလေးတွေကို ထည့်ပေးရမယ်တဲ့” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ် MNDAA ဟာ စစ်မှုထမ်းတပ်သားသစ်တွေ မခေါ်ယူခင် နှစ်ရက်အလိုကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ ကြိုတင်အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေမှာ MNDAA ဟာ တစ်အိမ်ချင်းအလိုက် မကောက်ယူဘဲ ရပ်ကွက်အလိုက် တစ်လ ဒါမှမဟုတ် နှစ်လတစ်ကြိမ် ကောက်ယူလေ့ရှိပြီး ရပ်ကွက်တစ်ခုကို ၂ ဦးကနေ ၄ ဦးအထိသာ တပ်သားအဖြစ် ပေးဆောင်ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလမှာတော့ တစ်အိမ်တစ်ယောက်နှုန်းနဲ့ စတင်ကောက်ယူလာတာ ဖြစ်ပါတယ်။
“တချို့အိမ်တွေဆိုရင် သားဖြစ်သူတွေက ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။ စစ်မှုထမ်းဖို့ အဆင်မပြေဘူးလို့ ပြောရင် ဖခင်ဖြစ်သူတွေက သူတို့အစား သွားပေးရတယ်။ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူး” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
သိန္နီမြို့အပြင် ကွတ်ခိုင်မြို့နယ်မှာလည်း ကိုးကန့်တပ် MNDAA က ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေတယ်လို့ သိရပါတယ်။
သိန္နီမြို့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။