Home » NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၁၁ ခု သိမ်းပိုက်ရရှိဟု စစ်တပ် ထုတ်ပြန်

NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် စခန်း ၁၁ ခု သိမ်းပိုက်ရရှိဟု စစ်တပ် ထုတ်ပြန်

by Homeland Author

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ နယ်မြေအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။

KNU လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ NUG၊ CRPH အဖွဲ့တွေ ပူးပေါင်းပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရဲ့ အရှေ့မြောက်ဘက်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တို့မှာ NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်ကို ဖွင့်လှစ်ပြီး လှုပ်ရှားနေတယ်လို့ စစ်တပ်က ဆိုပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၃ ရက်နေ့ကစတင်ပြီး မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနဲ့ ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တွေမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်နေ့မှာ ကော်ကပ်ကျေးရွာအနီး ယာယီအခြေပြုနေထိုင်တဲ့ စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်ဇရပ်မြို့ အရှေ့မြောက်ဘက် ကော်ထီးထကျေးရွာအနီးရှိ စခန်းတစ်ခုနဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကော်ထီးထကျေးရွာအနီးရှိ KNU၊ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) ဌာနချုပ်အပါအဝင် စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၈ ရက်နေ့မှာလည်း ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး၊ ထီးကလာချောင်းဝန်းကျင်မှာ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၅ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းတွေကို သိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂,၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ ကား ၂ စီး၊ ဒရုန်း၊ လက်ပစ်ဗုံး၊ ဗုံးသီး၊ ဒီတိုနေတာ၊ ဆက်သွယ်ရေးစက်တွေအပြင် ပစ်ကျင်း၊ ဘန်ကာ၊ လူနေတဲနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရိက္ခာပစ္စည်း၊ ကွန်ပျူတာနဲ့ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ၊ ပြောက်ကျားဝတ်စုံ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအပါအဝင် အခြားအသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့ သိမ်ဇရပ်-ကျိုက်ထိုဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနိုင်ခြင်းမရှိစေရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခု သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး NUG ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

related posts

Leave a Comment