ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးတွေရဲ့ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်မှာ ဖော်ပြတဲ့ လူမျိုးအမည်အသုံးအနှုန်းနဲ့ ဒေသအသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စရပ်တွေကို ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်၌ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရှမ်းနီဒေသအတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေ မရှိစေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အချို့လက်နက်ကိုင်အဖွဲ့တွေဟာ ဒေသတွင်း သဘာဝသယံဇာတတွေ ရယူလိုမှုနဲ့ စီးပွားရေးအကျိုးအမြတ်ကို အခြေခံပြီး လှုပ်ရှားဆောင်ရွက်နေကြတယ်လို့လည်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အဓိကထိခိုက်နစ်နာရသူတွေဟာ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်တွေဖြစ်တဲ့ အမျိုးသမီး၊ ကလေးသူငယ်တွေအပါအဝင် ဒေသခံပြည်သူတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) ဒေသအတွင်း လမ်း၊ တံတားနဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေကြောင်း၊ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှသာ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောပါတယ်။
SNUC/SNA ဟာ NSPNC ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာ SNUC/SNA က ရှမ်းနီဒေသအတွင်း ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရေး၊ တရားဝင်ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကတစ်ဆင့် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
SNA ဟာ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာနဲ့ ဝန်းသိုမြို့နယ်တွေကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။








