မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ဟာ ဒီနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ မလေးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်သလို မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာစေရေး၊ အစိုးရနဲ့ ပြည်သူတွေအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရေးတို့ကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားဖို့လည်း စီစဉ်ထားပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၈ ရက်အထိ နှစ်ရက်ကြာမယ့် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်နဲ့ ဦးထွန်းအုံတို့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်တပ်ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ အခု မလေးရှားနိုင်ငံခရီးစဉ်ဟာ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ၉ နိုင်ငံမြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး အာဆီယံ လူ့အခွင့်အရေး ပါလီမန်အမတ်များအဖွဲ့ (APHR) က ဆန့်ကျင်ကန့်ကွက်ကြောင်း အောက်တိုဘာ ၅ ရက်မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။

