ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ ပန်ကုံးကျေးရွာအုပ်စု၊ ပန်ခါးကြီးကျေးရွာမှာ ဝဥထွက်ရှာနေတဲ့ အမျိုးသားတစ်ဦး ပျားကြီးတွေ တုပ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပန်ခါးလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးခမ်းလွန်ဟာ ပန်ခါးကြီးကျေးရွာကို သွားတဲ့ လမ်းဘေးတောအတွင်း ဝဥထွက်ရှာနေစဉ် ပျားကြီးတွေ တုပ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ပျားကြီးတွေ ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ တုပ်ခံခဲ့ရပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၆ ရက်မှာ ဒေသခံတွေက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စက်တင်ဘာ ၁၉ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာအုပ်စု၊ မန်စုံကျေးရွာမှာ လက်ဖက်ခူးနေတဲ့ အမျိုးသမီး ၂ ဦး ပျားပိတုန်းတုပ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပျားနဲ့ အခြားအင်းဆက်ပိုးမွှားတွေ တုပ်ခံရပြီးနောက် အသက်ရှူကြပ်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ် ဖူးရောင်တာ၊ မူးဝေတာ ဒါမှမဟုတ် သတိလစ်တာတွေ ဖြစ်ပေါ်လာရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် အနီးဆုံးဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးဌာနကို အမြန်ဆုံး ပို့ဆောင်ပြီး ဆေးကုသမှုခံယူသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။