လက်ရှိ နေပြည်တော်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးပွဲမှာ MNDAA ဘက်က လက်ရှိ ခက်ခဲစွာ ရရှိထားတဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထား ထိန်းသိမ်းကာကွယ်ဖို့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အမြင်ကွဲလွဲမှုတွေကို ဖြေရှင်းကြဖို့ MNTJP ပေါ်လစ်ဗျူရို အထွေထွေအတွင်းရေးမှူးနဲ့ ဆက်ဆံရေးဌာန ဌာနမှူး ဦးဖုန်းဝင်းနိုင်က ပြောပါတယ်။
ဒါ့အပြင် အပြန်အလှန် ယုံကြည်မှုတွေကို တည်ဆောက်မြှင့်တင်ကြဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေဖန်တီးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ၂၀၀၉ ခုနှစ်ကစပြီး ပဋိပက္ခတွေ ဖြစ်ပွားလာကာ နောက်ပိုင်းမှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ဆန္ဒတွေ ဖြစ်လာကြကြောင်း၊ နိုင်ငံရေးအရ ဆောင်ရွက်ဖို့နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ပီပြင်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ယုံကြည်မှု တည်ဆောက်ရေးအတွက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုမှု ရှိရမှာ ဖြစ်ပြီး ဒေသ မတည်ငြိမ်မှုကြောင့် ဒေသခံ ပြည်သူလူထုတွေ နစ်နာဆုံးရှုံးရကြောင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တည်ငြိမ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စရပ်တွေ MNDAA ရဲ့ နိုင်ငံရေး တရားဝင်မှု ဖြစ်စေရေးနဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှမှု ရှိရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။
အလားတူ နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ်ဒေသကို ဖြတ်သန်းတဲ့ စီမံကိန်းတွေ ဖော်ဆောင်ရေး၊ အွန်လိုင်း လိမ်လည်မှုနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်ဖက်ကြား အပြန်အလှန် ယုံကြည်မှု ခိုင်မာစေရေးနဲ့ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကိစ္စတွေကိုလည်း NSPNC နဲ့ MNDAA တို့က ဆွေးနွေးခဲ့ကြပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA၊ AA၊ TNLA) တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ဟာ သျှမ်းမြောက်က မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်တပ်နဲ့ MNDAA တို့ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ အပစ်ရပ်ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။


