လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်ပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ NLD ဗဟိုအလုပ်ကော်မတီက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လျော့ကျသွားစေဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ အခြေခံတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။