ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ အထွေအထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။
KNPP ရဲ့ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ဆန်းမြင့်ဟာ ဩဂုတ်လ ၃၀ ရက် နေ့လယ် ၂ နာရီ ၄၃ မိနစ်မှာ ကွယ်လွန်သွားတာပဲ ဖြစ်ပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ကရင်နီလူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးခရီးကြမ်းတစ်လျှောက် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အုတ်မြစ်တွေကို စနစ်တကျချမှတ်ပေးခဲ့ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍများမှာ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ တော်လှန်ရေး အင်အားစုတွေအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှသော တော်လှန်ရေး အချိုးအကွေ့ကာလမှာ တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းဟာ ကရင်နီလူမျိုးတွေအတွက်သာမက တော်လှန်ရေးအင်အားစု တရပ်လုံးနဲ့ ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်တဲ့ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအောင်ဆန်းမြင့်ရဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိနဲ့ ခိုင်မာသော နိုင်ငံရေးခံယူချက်တွေဟာ တော်လှန်ရေးအင်အားစုတွေ အားလုံးအတွက် အစဉ်အမြဲ လေးစားအတုယူဖွယ် ကမ္ပည်းတင် ကျန်ရစ်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအောင်ဆန်းမြင့်ရဲ့ ခိုင်မာသော နိုင်ငံရေးသန္နိဋ္ဌာန်တွေ၊ မျှော်မှန်းချက်တွေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို NUG အနေဖြင့် ဆက်လက် တာဝန်ယူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။