စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ကျောင်းသားတော်လှန်ရေးတပ်တော် (Student’s Revolutionary Force – SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ ပဋိပက္ခကို တွေ့ဆုံဆွေးနွေးဖို့ သွားချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ တို့က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
မေလ ၂၆ ရက် နေ့လယ် ၂ နာရီအချိန်ခန့်မှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်း နဲ့ မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ်ကြားကာလအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးတို့ Zoom မှတဆင့် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုအပြီး SRF ဥက္ကဌ ကိုစံတင်ထွန်းကို တိုင်းတာဝန်ခံ ဒူဂျွန်၊ ဒူဝါတို့မှ လုံခြုံရေးအာမခံ၍ အညာလည်ရွာမှာ တွေ့ဆုံဖို့ ချိန်းဆိုပြီး သွားရောက်ချိန် မင်းကင်းမြို့နယ် ပကဖ၊ ပအဖ တို့က လမ်းမှဖြတ်ပြီး တိုက်ခိုက်ဖမ်းဆီးမှု ပြုလုပ်ပြီး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်ဖမ်းဆီးစဉ်အတွင်း ဝိုင်းဝန်းကာကွယ်ပေးခဲ့ကြတဲ့ ဒေသခံပြည်သူတွေထဲမှ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဘယ်နေရာမှာ ခေါ်ဆောင်သွားတာလဲဆိုတာ မသိရှိရသေးဘဲ ၎င်းရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိ ပဋိပက္ခဟာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ လုံခြုံရေးအာမခံပြီး ဆက်သွယ်မှုကြောင့် မိမိတို့ဖက်မှ လက်ခံ၍ သွားရောက်ခဲ့သော်လည်း တဘက်မှာ သဘောတူညီချက်ကို ချိုးဖောက်ပြီး အခုလို လက်နက်သုံး၍ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကို အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ဖောက် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ SRF ဥက္ကဌ ကိုစံတင်ထွန်း ကို ချက်ချင်းလွှတ်ပေးဖို့ အခုလို ပစ်ခတ်ဖမ်းဆီးမှု နဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေကို တာဝန်ယူဖြေရှင်းဖို့ နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကိုသာ လက်ခံပြီး အင်အားသုံးဖြေရှင်းမှုတွေကို ဆန့်ကျင်တယ်လို့ ထုတ်ပြန်ထားပါတယ်။