ကချင်ပြည်နယ်အတွင်းက ရွှေကူ၊ မိုးမိတ် – မဘိမ်းလမ်းတစ်လျှောက်မှာ စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အလားတူ ကချင် နဲ့ စစ်ကိုင်းအစပ်က အင်းတော်၊ မော်လူးတို့မှာလည်း စစ်တပ် နဲ့ KIA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး နော်ဘူက “စစ်ကိုင်း နဲ့ ကချင်အစပ်မှာလည်း တိုက်ပွဲတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာကတော့ KIA နဲ့သာ ဖြစ်တာ မဟုတ်ဘူး။ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းပြီးမှ ဖြစ်တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ ပြောလိုတာကတော့ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ နယ်မြေဒေသကတော့ မဟုတ်ဘူးလို့ ကျနော်ပြောလိုတာ အစပ်ကတော့ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို ဧပြီလ ၃၀ ရက်မှာ ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို မေလ ၅ ရက်မှာလည်း မော်လူးမြို့တို့ကို ဆက်လက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် မန္တလေး – မြစ်ကြီးနား ကားလမ်းမကြီးကို စစ်တပ်က ထိန်းချုပ်လိုက်ပြီး မြစ်ကြီးနားကို အခုလအစောပိုင်းမှာ စစ်အင်အားတွေ အများအပြား ပို့ဆောင်ထားပါတယ်။
စစ်ကိုင်း – ကချင်အစပ် အင်းတော်၊ မော်လူးမြို့တွေကို KIA ဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသလို ကချင်ပြည်နယ်အတွင်းက မြို့အချို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
KIA မဟာမိတ်ပူးပေါင်းတပ်တို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထီးချိုင့်၊ ကသာ၊ အင်းတော် – နဘား၊ မော်လူး၊ နန့်စီးအောင် လမ်းပိုင်းများအားလုံးကို မေလ ၂၄ ရက်မှစ၍ အသုံးမပြုကြဖို့ အင်းတော် ပကဖမှ အသိပေးထုတ်ပြန်ထားပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်ကဲ့ ဟုတ်ကဲ့။ ဆက်ဖြစ်ဖို့ (တိုက်ပွဲ) များပါတယ်။ ခုနပြောတဲ့ စစ်ကိုင်းအစပ်ဘက် နောက် မြစ်ကြီးနား မန္တလေး လမ်းတစ်ကြောလုံး ရွှေကူပေါ့နော်။ ရွှေကူ အဲပတ်ဝန်းကျင်နေရာတွေမှာ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ များပါတယ်”လို့ ပြောပါတယ်။
စစ်တပ်က မန္တလေး – မြစ်ကြီးနား လမ်းတကြောလုံးကို ပြန်လည်ထိန်းချုပ်ထားပြီး လုံခြုံရေးတပ်တွေလည်း ချထားတာကြောင့် ပြည်ထောင်စုလမ်းမပေါ်မှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်း နဲ့ ကချင်အစပ် မော်လူးမြို့၊ အင်းတော်မြို့နယ်တို့မှာ စစ်တပ် နဲ့ KIA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံ ထောင်နဲ့ချီတို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။