သျှမ်းမြောက်မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က မူလလယ်ယာပိုင်ရှင်တွေထံမှ မြေယာတွေကို အတင်းအဓမ္မ သိမ်းယူနေတယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က မေလ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းနောက်ပိုင်း အထူးသဖြင့် သျှမ်းမြောက်ဒေသမှာ MNDAA ဟာ နယ်မြေချဲ့ထွင်ခြင်းနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ လက်နက်အင်အားကို အလွန်အကျွံ အသုံးပြုလာတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
နဂိုမူလ ကိုးကန့်လူမျိုးတွေ အများစုနေထိုင်ရာဒေသတွေကို ကျော်လွန်၍ နယ်မြေချဲ့ထွင် စီမံဆောင်ရွက်နေမှု လမ်းစဉ်တွေ၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ လက်နက်ဖြင့် ခြိမ်းခြောက်လုပ်ဆောင်နေတာတွေကြောင့် နယ်မြေအတွင်း လူမျိုးရေးပဋိပက္ခတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
သမိုင်းအစဉ်အလာအရ ဌာနေလူမျိုးတွေ သဟဇာတဖြစ်စွာ မှီတင်းနေထိုင်ခဲ့ကြတဲ့ အသွင်သဏ္ဍာန်တွေကို သွေဖည်ကာ “ကိုးကန့်မူပြု” ဖို့ ကြိုးပမ်းလာတယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က ဆိုပါတယ်။
မြို့ရွာတွေရဲ့ ရိုးရာနဲ့ မူလအသွင်အပြင်တွေကို အတင်းအဓမ္မ ပြောင်းလဲတာ၊ နယ်မြေအတွင်းရှိ မူလလယ်ယာပိုင်ရှင်တွေထံမှ မြေယာတွေကို အတင်းအဓမ္မ သိမ်းယူတာ၊ ဈေးနှိမ်တာနဲ့ ဖိအားပေး ရောင်းချစေတာတွေကို MNDAA က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေကို တဖက်သတ်ဆန်တဲ့ အခွင့်အရေးတွေ ပေးအပ်ပြီး လယ်ယာမြေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုထားတာ၊ နဂိုမူလပိုင်ရှင်တွေရဲ့ သဘောတူခွင့်ပြုချက်နဲ့ ညှိနှိုင်းမှုတွေ လုံးဝမရှိဘဲ သယံဇာတတွေကို အတင်းအဓမ္မ တူးဖော်တာ သို့မဟုတ် တူးဖော်ခွင့်ပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မိမိတို့ အခွင့်အရေးနဲ့အညီ ဆန္ဒပြတောင်းဆိုကြတဲ့ ပြည်သူတွေကို တရားဥပဒေမဲ့ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ တဖက်သတ် စီမံဆောင်ရွက်တာ၊ ဒေသခံတွေရဲ့ ဆန္ဒကို အလေးမထားဘဲ တိုင်းတစ်ပါးမှ ဝိသမလောဘသား စီးပွားရေးသမားတွေကို အထူးအခွင့်အရေးတွေ ပေးပြီး စိတ်ကြိုက် ဝင်ထွက်ချယ်လှယ်ခွင့်ပြုထားတာတွေကို MNDAA က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တိုင်းတစ်ပါးရဲ့ ကျူးကျော်လွှမ်းမိုးမှုတွေအပေါ် ကာကွယ်တားဆီးခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်နေတာ၊ စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ အကန့်အသတ်မဲ့ လောင်းကစားဝိုင်းတွေနဲ့ KTV ဖျော်ဖြေရေးခန်းမတွေကို အလွန်အကျွံ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အတင်းအကျပ် စစ်မှုထမ်းဆောင်ခိုင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က ဆိုပါတယ်။
MNDAA က တော်လှန်ရေးအကြောင်းပြု၍ ပြည်သူလူထုကို ဒုက္ခတွင်းသို့ သက်ဆင်းစေတဲ့ လွဲမှားတဲ့ လုပ်ရပ်တွေနဲ့ စီမံခန့်ခွဲမှုတွေကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ထားပါတယ်။
ဖက်ဒရယ်စနစ်ကို အခြေခံပြီး တည်ဆောက်နေတဲ့ သျှမ်းပြည်အတွင်း အခုလို လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေတာဟာ MNDAA အနေနဲ့ အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ဒေသခံပြည်သူတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် တရားမျှတမှုရှိတဲ့ ဒီမိုကရေစီစံနှုန်း၊ ဖက်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က တိုက်တွန်းထားပါတယ်။