ကတူးစာသင်ကြားရေးနဲ့ စစ်ဘေးရှောင်ကူညီရေးတွေ ဆောင်ရွက်နေတဲ့ ကတူးရဟန်းတော်များအဖွဲ့ က ဆရာတော်တွေကို ကိုမျိုးသိန်းဦး ဆိုသူက ဖမ်းဆီးသတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကတူးလူငယ်များအဖွဲ့ချုပ် က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“မိုင်းသုန်ကောင်စီ” ဆိုပြီး အမည်ခံထားပေမဲ့ တကယ်တမ်းတော့ အဖွဲ့အစည်းမရှိဘဲ သူတစ်ဦးတည်းပဲ ရှိတဲ့ ကိုမျိုးသိန်းဦးဟာ ကတူးစာသင်ကြားရေးနဲ့ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေတဲ့ ကတူးရဟန်းတော်များအဖွဲ့ကို “ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ဘူး” လို့ စွပ်စွဲပြီး၊ ဖမ်းဆီးသတ်ဖြတ်လို့ရတယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စာပေသင်ကြားရေးကိုသာ ဆက်လုပ်နေမယ်ဆိုရင် ဆရာတော်တွေကို ဖမ်းဆီးအရေးယူမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုမျိုးသိန်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တုန်းကလည်း ကတူးတိုင်းရင်းသား ခေါင်းဆောင်ဟောင်းဖြစ်သလို ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးအောင်ဝင်းတင်ကို PDF လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချပြီး တစ်လကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒါဟာ ကတူးပညာရေး ရန်ပုံငွေလို့ အကြောင်းပြပြီး ပန်းသေးဒေသမှာရှိတဲ့ ရွှေတွင်းကိစ္စတွေကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအောင်ဝင်းတင်ကို ကတူးအရေး ကိစ္စတွေ ဆက်မလုပ်နိုင်အောင် အကြောင်းမဲ့ ခြိမ်းခြောက်ဖမ်းဆီးခဲ့တာလို့ သိရပြီး၊ ဒီအတွက် ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် အသံဖိုင်နဲ့ ဗီဒီယို (Video) တွေလည်း ရှိနေတဲ့အတွက် လိုအပ်ရင် ချပြပေးနိုင်တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုဇော်မျိုးထွန်းကိုလည်း အစည်းအဝေး မတက်ရောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့တွေကို အားကိုးပြီး အတင်းအဓမ္မ နှုတ်ထွက်ခိုင်းခဲ့ပါသေးတယ်။
ဒါပေမဲ့ ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီ တံဆိပ်တုံးတွေနဲ့ စာရွက်စာတမ်းတွေကို ကိုဇော်မျိုးထွန်းဆီမှာပဲ လက်ဆင့်ကမ်း ထိန်းသိမ်းထားတာမို့၊ သူက ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တရားဝင်မှု ရှိနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ကိုမျိုးသိန်းဦးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ NLD အစိုးရလက်ထက်တုန်းက တရားဝင်မှတ်ပုံတင်ထားတဲ့ “ကတူးအမျိုးသားအဖွဲ့” ကို (ကဒူး) ဆိုပြီး “ဒ” ဒွေး နဲ့ အမည်ပြောင်းလဲလိုက်ပါတယ်။
ပြီးတော့ တံဆိပ်တုံးအတုတွေ၊ တံဆိပ်တုံးအသစ်တွေလုပ်ပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဝင်တွေ မပါဝင်နိုင်အောင် ဆောင်ရွက်ခဲ့ပြီး၊ လူသစ်တွေနဲ့ စုဖွဲ့ကာ ထင်ရာစိုင်း ခြယ်လှယ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တရားဝင်မှတ်ပုံတင်ထားတဲ့ ကတူးအမျိုးသားအဖွဲ့ရဲ့ ဖွဲ့စည်းပုံ မူဝါဒတွေကို မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲပြီး၊ ဖွဲ့စည်းပုံအသစ်၊ တံဆိပ်တုံးအတုတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ကတူးအရပ်ဘက် အဖွဲ့အစည်းတွေကို ခြိမ်းခြောက် ဆောင်ရွက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကတူးရဟန်းတော်များအဖွဲ့က ကတူးဆရာတော် သံဃာတော်တွေကိုပါ ဖမ်းဆီးသတ်ဖြတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုထားပြီး၊ ကတူးဆရာတော်တွေက ကတူးစာသင်ကြားရေးကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ကိုမျိုးသိန်းဦးရဲ့ အခုလို ဆောင်ရွက်နေမှုတွေကြောင့် ကတူးရဟန်းတော်တွေ၊ ကတူးအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကတူးပြည်သူတွေဟာ အလွန် ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေကြရကြောင်း၊ ဒါကြောင့် ကိုမျိုးသိန်းဦးအနေနဲ့ အခုလို ခြိမ်းခြောက် အန္တရာယ်ပြုတာမျိုးတွေ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ကိုမျိုးသိန်းဦးရဲ့ လုပ်ရပ်တွေ အားလုံးကိုလည်း ကတူးရဟန်းတော်တွေနဲ့ ကတူးပြည်သူလူထု တစ်ရပ်လုံးက လုံးဝ လက်မခံဘူးဆိုတာကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။