Home » စစ်တပ်က ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်ဟု AA ပြော

စစ်တပ်က ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်ဟု AA ပြော

by Homeland Author

အာရက္ခတပ်တော် (ULA/AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြား နဲ့ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ စစ်တပ်က ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ AA က မေလ ၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

မေလ ၇ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ မင်းပြားမြို့နယ်၊ ကျောက်ခုတ် ကျေးရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင် နဲ့ ၎င်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေ အတွင်းကို စစ်တပ် ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီးနဲ့ မိနစ် ၄၀ ခန့်ကြာတဲ့ အထိ တရစပ် မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း အရပ်သားအချို့ သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေရှိခဲ့သလို လူနေအဆောက်အအုံ ပျက်စီးမှု၊ ကျွဲ၊ နွား နဲ့ တိရစ္ဆာန်အချို့ ဗုံးစထိမှန် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၇ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်ဟာ ကျောက်တော်မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်ကိုလည်း ဂျက်ဖိုက်တာ (၄) စီး နဲ့ ဆက်လက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ည ၁၀ နာရီခန့်မှ ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံး နဲ့ လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် ၁၀ နာရီ ၂၈ မိနစ်ကလည်း Y-12 ထောက်ပို့လေယာဉ် (၂) စီးကနေ Cluster Boomb အမျိုးအစား ၂၄ လုံးခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အနီးအနားရှိ အရပ်သားပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ နဲ့ အလတ်စားဒဏ်ရာရရှိသူ ၁၀ ဦးခန့် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ ပြိုင်းချောင်းကျေးရွာမှ အရပ်သား တစ်ဦး ပိုင်ဆိုင်တဲ့ နွား ၇ ကောင်လည်း အဲဒီ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment