Home စစ်ရေး နောင်ပူအောင်ရွာအနီး ကင်းစေတီမှာ SNA နဲ့ KIA/PDF နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေ

နောင်ပူအောင်ရွာအနီး ကင်းစေတီမှာ SNA နဲ့ KIA/PDF နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပူအောင်စံပြကျေးရွာအနီး ကင်းစေတီမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)/PDF တို့အကြား အခု ညပိုင်းမှာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီကျော်မှာ စတင်၍ နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြောင်း၊ လက်ရှိ သတင်းရေးသားချိန် ၈ နာရီခွဲအထိ ပစ်ခတ်နေကြဆဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ကင်းစေတီမှာ ပစ်နေကြတယ်။ အခုထိ ပစ်နေကြတုန်း၊ ဟိုဖက်က KIA/PDF ချောင်းပစ်တာ နေမှာ။ အသေးနဲ့ ချောင်းပြီး ပစ်တာထင်တယ်၊ လက်နက်အသေးအသံတွေ ဆက်တိုက်ကြားရတယ်” လို့ ပြောပါတယ်။

အလားတူ ဒီနေ့မနက် ၇ နာရီဝန်းကျင်ကလည်း နောင်ပူအောင်စံပြကျေးရွာအနီးရှိ နားမော်ကျေးရွာမှာ SNA နဲ့ KIA/PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာ၊ လွှစင်ကုန်းကျေးရွာ နဲ့ ကင်းစေတီတို့မှာ SNA နဲ့ KIA/PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း နားမော်ရွာကို KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တို့က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် နားမော်ရွာ ပျက်စီးသွားခဲ့ရသလို အလားတူ လွှစင်ကုန်းကျေးရွာလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ နားမော်၊ လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီဒေသခံတွေဟာ ဥရုချောင်း တစ်ဖက်ကမ်း ဘေးကင်းရာနဲ့ အခြားသော ဒေသတွေသို့ သွားရောက်၍ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။

related posts

Leave a Comment