စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်အတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က အဓမ္မတပ်သားသစ် စုဆောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပင်လည်ဘူးမြို့နဲ့ ၅ မိုင်ဝန်းကျင်မှာ KIA က တစ်အိမ်ဆင်း တစ်အိမ်တက် စသဖြင့် တပ်သားသစ်အဓမ္မစုဆောင်းနေတာဖြစ်ပြီး အင်တာနက် ဝိုင်ဖိုင်စက်တွေလည်း ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဘယ်သူမှမပြောရဲကြဘူး။ ညဘက် ၇ နာရီဆို အပြင်မထွက်ရဲကြတော့ဘူး။ မြို့နဲ့ ငါးမိုင်ဝန်းကျင်မှာ၊ ဗမာစကားတောင် မပေါက်တဲ့ KIA တွေ လိုက်ဖမ်းတာ၊ PDF တွေက ဒီအတိုင်းကြည့်နေရတာပဲ။ KIA နဲ့ PDF က ဘယ်အပေးအယူလဲတော့ မသိဘူး။ ဝိုင်ဖိုင်တွေလည်း ပိတ်ခိုင်းထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က မြို့နယ်အဆင့်၊ ခရိုင်အဆင့် နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် လူသစ်စုဆောင်းမှု ပိုမိုလုပ်ဆောင်လာကြောင်း၊ လူငယ်ပိုင်းတွေဖြစ်တဲ့ ယောကျာ်းလေး၊ မိန်းကလေး အကုန်လုံး KIA က တပ်သားသစ်အဖြစ် စုဆောင်းရေးဆွဲနေကြောင်း ပြောပါတယ်။
ပင်လည်ဘူး မြို့နယ်အတွင်းရှိ ခေါက်စင်း၊ ပေကုန်း၊ မိချောင်းအင်း နဲ့ လက်ဆည်ကန်ရွာ စတဲ့ဒေသခံတွေ အများစု အဓမ္မတပ်သားသစ်စုဆောင်းခံနေရကြောင်း၊ အဲဒီ KIA ရဲ့ စုဆောင်းမှုကို ဘယ်မီဒီယာအဖွဲ့အစည်းကမှ သတင်းမရေးရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပင်လည်ဘူး အဖြစ်အပျက်တွေကို အရမ်းဆိုးနေတယ်။ ဘယ်သူမှမပြောရဲ မရေးရဲကြဘူး။ ဒီနယ်ကလူတွေ ဒေသခံတွေတော့ ဒီအတိုင်းငြိမ်ခံနေကြတုန်းပါ့၊ အားလုံးလည်းညည်းကုန်ပြီ။ သူတို့အချင်းချင်းတွေလဲ ကွဲကုန်ပြီ။ PDF အကြီးအကဲလုပ်နေတဲ့သူတွေက KIA က လူတွေကြီးပဲ၊ ဒေသခံတွေက အောက်ခြေက တပ်သားတွေပဲဆိုတော့ ဘာမှ လုပ်မရဘူးညယ်” လို့ ပြောပါတယ်။
KIA အဖွဲ့ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုကြောင့် ညပိုင်းကျူရှင်တက်တဲ့ ကျောင်းသားတွေလည်း ကျောင်းပိတ်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ပင်လည်ဘူးမြို့နယ် စိမ့်ကြီးရွာဘက်က KIA/PDF စခန်းဟောင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ စခန်းဟောင်းဖြစ်တဲ့အတွက် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
ပင်လည်ဘူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားပါတယ်။