မိမိတို့အနေနဲ့ နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံတွေနဲ့ ဦးစားပေးဆက်ဆံသွားမယ်လို့ စစ်ကောင်စီတပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စာလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ် တက်ရောက်ပြီး အပြန် ပြည်တွင်းအခြေစိုက် မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ မြန်မာနိုင်ငံက ကျင့်သုံးနေတဲ့ နိုင်ငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်တယ်။ ကျနော်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံမှာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီး ဆက်ဆံသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဘယ်လာရုစ်နိုင်ငံခရီးစဉ်မှာလည်း မြန်မာနိုင်ငံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ (EAEU) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် လေ့လာနေကြောင်း၊ EAEU ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာရယူထားတဲ့ စစ်ကောင်စီတပ်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘယ်လာရုစ်နိုင်ငံတွေနဲ့လည်း ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေးရှိတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။