မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ကြီးလေးသောချိုးဖောက်မှုတွေအပါအဝင် အကာအကွယ်ပေးရေးဆိုင်ရာ အန္တရာယ်တွေကို ရင်ဆိုင်နေရတာကြောင့် အကူအညီတွေ အရေးတကြီးလိုအပ်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ခြိမ်းခြောက်မှုတွေမှာ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်းမှသည် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်း အန္တရာယ်တွေအထိ ပါဝင်နေပြီး၊ ၎င်းမြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ငါးဦးလျှင် တစ်ဦးအထက်မှာ ကလေးသူငယ်တွေ ဖြစ်နေတယ်လို့ UNICEF Myanmar က ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၎င်း အန္တရာယ်တွေဟာ နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကို ပိုမိုခိုင်မာစေဖို့ အရေးတကြီး လိုအပ်နေကြောင်းကို မီးမောင်းထိုးပြလျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေး၊ ကိုယ်စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရကြောင်း ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ယူနီဆက်၏ ဌာနေကိုယ်စားလှယ် Yasumasa Kimura က “မြန်မာနိုင်ငံတစ်ဝှမ်းမှာ များစွာသော ကလေးငယ်တွေဟာ အကြောက်တရား၊ ဆုံးရှုံးမှု၊ မရေရာမှုတွေနဲ့ နေထိုင်နေရတဲ့အပြင် ဘယ်ကလေးမှ မကြုံတွေ့ရသင့်တဲ့ အန္တရာယ်တွေနဲ့ ထိတွေ့ရင်ဆိုင်နေရပါတယ်” လို့ ပြောကြားထားပါတယ်။
ကလေးသူငယ်အများအပြားဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီး မိသားစုတွေနဲ့ ကွဲကွာနေကြရတဲ့အပြင် အကြမ်းဖက်ခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု စတဲ့ အန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်နေကြရကာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မှုမှာလည်း ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေ နဲ့ စီးပွားရေးအခက်အခဲတွေကြောင့် နိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက် မြင့်တက်လာနေပြီး ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ၅ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။