စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) တို့က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာခံဒေသခံတွေအပြင် ရွှေလုပ်ငန်းခွင်အတွင်းက လုပ်သားတွေကိုပါ တပ်သားအဖြစ် ဖမ်းဆီးစုဆောင်းနေတာဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက လိုက်လံစုံစမ်းပေမဲ့ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု လွှဲချနေကြတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “နမ့်နန်းက ဒေသခံတွေကို တော်လှန်ရေးတပ်တွေက ပေါ်တာဆွဲနေတာပါ။ တချို့ဆို မှောင်တာနဲ့ အဆွဲခံရတာ၊ မျောတဲအထိတွေပါ ဝင်ဆွဲနေလို့ အခုအချိန်ထိ အဆွဲခံရတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဆွဲခံရတဲ့ မိသားစုတွေဘက်က လိုက်စုံစမ်းပေမဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ လွှဲချနေကြတယ်။ အမှန်တော့ အထက်က တပ်ရင်းတစ်ရင်းကို လူဘယ်လောက်ဆွဲရမယ်ဆိုပြီး အမိန့်ကျထားတယ်လို့ သိရတယ်။ ဒီသတင်းကို အမှောင်ချထားတော့ တော်တော်များများက မသိကြပါဘူး” လို့ ပြောပါတယ်။
ပြည်သူလူထုကို အတင်းအဓမ္မ တပ်သားစုဆောင်းတာတွေအပြင် အခွန်အဆမတန် ကောက်ခံနေတဲ့ လုပ်ရပ်တွေကြောင့်လည်း ပြည်သူတွေအကြား အမြင်မကြည်မလင် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုနှစ်အတွင်း ဟုမ္မလင်း-PDF တွေက ကားအရောင်းအဝယ် ပြုလုပ်သူ နှစ်ဦးကို ဖမ်းဆီးပြီး၊ တစ်ဦးကို ကျပ်သိန်း ၇၀၀ ငွေညှစ် ဆက်ကြေးတောင်းခံတာမျိုးတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ပင်ခုတ်နဲ့ အိုက်ခွဲကျေးရွာတွေမှာ ပြည်သူ ၂၅ ဦးကို KIA နဲ့ HPDF တို့က အတင်းအဓမ္မ တပ်သားအဖြစ် စုဆောင်းသွားခဲ့တယ်လို့ အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်သိရှိသူတစ်ဦးက “ကချင် ဒူဝါတွေ၊ ဒူကမ္ဘာတွေ ကိုယ်တိုင်ဆွဲတာ၊ နေ့ခင်းပိုင်းတောင် ဆွဲနေတယ်။ အစည်းအဝေးခေါ်ပြောပြီး ပေါ်တင်ဆွဲတာပါ၊ သက်ဆိုင်ရာ နယ်မြေခံ PDF တွေလည်း ဘာမှ မတတ်နိုင်ကြဘူး။ ဩဂုတ် ၂၈ ရက်နေ့ကလည်း ပင်ခုတ်နဲ့ အိုက်ခွဲရွာမှာ ၂၅ ယောက်လောက် ပါသွားတယ်” လို့ ပြောပြပါတယ်။
တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ တပ်သားပြုန်းတီးမှုနဲ့ တပ်ပြေးများပြားလာတာတွေကြောင့်လည်း အခုလို ဒေသခံပြည်သူတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ခန္တီးခရိုင် တပ်ရင်း (၃) မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေးနှင့် ခွင့်လွန်” ရဲဘော်များအနေဖြင့် တပ်ရင်းရုံးသို့ လာရောက်အသိပေးဖို့ HPDF-124 က အသိပေးထုတ်ပြန်ခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA၊ HPDF ပူးပေါင်းအဖွဲ့တို့အကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။