Home » အင်းတော်ကြီးရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ နှစ်ဦးကို KIA ဖမ်းဆီး

အင်းတော်ကြီးရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ဦးဆောင်သူ နှစ်ဦးကို KIA ဖမ်းဆီး

by Homeland Author

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ နှစ်ဦးအပါအဝင် ဒေသခံ အများအပြားကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဇူလိုင် ၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဒေါ်ညွန့်ရီ နဲ့ ဦးဝင်းဇော်တို့ ဖြစ်တယ်လို့ သိရပြီး ၎င်းတို့နဲ့အတူ နမ့်မီးလောင်ကျေးရွာက ဒေသခံရှမ်းနီတွေလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“နမ့်မီးလောင်က ဒေါ်ညွန့်ရီ နဲ့ ဦးဝင်းဇော်တို့ကို ဖမ်းသွားတာ ဟုတ်တယ်။ သူတို့နဲ့အတူ နမ့်မီးလောင်က တော်တော်များများကိုလည်း ကားနဲ့ တင်ခေါ်သွားတယ်၊ ညောင်ပင်ရွာဘက်မှာ ပို့ထားတာလို့ သိရတယ်။ ဘယ်သူနဲ့မှ တွေ့ခွင့် မရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ နှစ်ဦးအပါအဝင် ဒေသခံအများအပြားကို ဘယ်လို ကိစ္စရပ်ကြောင့် ဖမ်းဆီးသွားသလဲ ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ဘာကြောင့် ဖမ်းသွားတာလဲတော့ မသိသေးဘူး။ SNA က ဟိုတလောက KIA/PDF စခန်းတွေကို သိမ်းသွားတာကြောင့်လို့ ထင်နေကြတာပဲ၊ အဲဒါကို မကျေနပ်လို့ ဖမ်းတာလို့ ထင်တာပဲ၊ အဲဒါနဲ့ ဆက်စပ်ပြီး ဖမ်းတယ်ပြောရအောင်ကလည်း သူတို့က အကအဖွဲ့တွေပဲလေ၊ ရှမ်းနီအကတို့ စာပေကိစ္စတွေပဲ လုပ်နေကြတာ အားလုံးအသိပဲ၊ ဘာကြောင့် ဖမ်းတာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ ကျားဖြူစစ်ကြောင်းက လုံးတုံ၊ နန့်ပတဲရှိ KIA နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ စခန်းကုန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေါ်ညွန့်ရီ နဲ့ ဦးဝင်းဇော်တို့ အပါအဝင် နမ့်မီးလောင်ကျေးရွာသားအများအပြားကို ညောင်ပင်အချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းကလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနဲ့ ကုန်းမနရွာသားတွေ KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ကြိုးတုပ်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ရှမ်းနီလူမျိုးတွေက အများစု နေထိုင်ကြပြီး ဗမာ၊ ကချင် လူမျိုးစု အနည်းငယ်လည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment