Home » ပြည်သူ့ထံ အာဏာ ပြန်လည်အပ်နှင်းနိုင်ရေး ကြိုးပမ်းမယ်လို့ NUG ပြော

ပြည်သူ့ထံ အာဏာ ပြန်လည်အပ်နှင်းနိုင်ရေး ကြိုးပမ်းမယ်လို့ NUG ပြော

by Homeland Author

ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ စုစည်းညီညွတ်စွာ လက်တွဲညီညီနဲ့ အောင်ပွဲဆီ သို့ ဆက်လက် ချီတက်ကြဖို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး (၅) နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ရယူပြီး ပိုမို ကောင်းမွန်တဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်လို့ ပြောပါတယ်။

မိမိတို့ ဆက်လက်လျှောက်လှမ်းနေတဲ့ တော်လှန်ရေး ခရီးစဉ်ဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း ပိုမိုကြီးမားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုရဲ့ မဆုတ်မနစ်တဲ့ ထောက်ခံပံ့ပိုးမှု၊ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ စည်းလုံး ညီညွတ်မှု၊ ရဲဘော်တို့ရဲ့ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး၊ အားလုံးတန်းတူညီမျှမှုရှိတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” ကြီးကို မကြာမီကာလမှာ မလွဲမသွေ တည်ဆောက်နိုင်တော့မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ဆိုပါတယ်။

ရန်သူဟာ လက်နက်၊ လူအင်အားနဲ့ လေကြောင်းပစ်ကူတွေ အားသာနေချိန်မှာ မိမိတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ဖြိုလဲဖို့ သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာကို သတိပြုကြရမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ရန်သူ့အင်အား သာနေချိန်မှာတောင် ရဲဘော်တို့ရဲ့ စိတ်ဓာတ်ကို သူတို့ မဖြိုလဲနိုင်ရင် အဲဒီစိတ်ဓာတ်ကပဲ အောင်ပွဲဆီကို ခေါ်ဆောင်သွားမှာ ဖြစ်ပြီး စစ်ပွဲတစ်ခုရဲ့ အဆုံးအဖြတ်ဟာ လက်နက်အင်အားထက် တိုက်ပွဲဝင်နေသူတွေရဲ့ မယိမ်းယိုင်တဲ့ ယုံကြည်ချက်အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။

ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တွေနဲ့ ဘယ်သူမှ တွန်းလှဲရပ်တန့်လို့မရတဲ့ အနေအထားကို ရောက်ရှိနေပြီ လို့ ပြောပါတယ်။

ဒီကနေ့ ရရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေဟာ PDF တစ်ခုတည်းရဲ့ ကြိုးပမ်းမှု သက်သက်မဟုတ်ဘဲ၊ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှု၊ နားလည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပြည်တွင်းပြည်ပက ပြည်သူလူထုရဲ့ ယနေ့အချိန်အထိ မယိမ်းမယိုင်တဲ့ ယုံကြည်ချက်၊ အားပေး ထောက်ခံမှု၊ ပံ့ပိုးကူညီမှုတွေကြောင့်သာ ဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ် နဲ့ တော်လှန်ရေးအင်အားစုတို့အကြား စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment