အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ Border News Agency (BNA) ရဲ့ အမျိုးသမီးသတင်းထောက် မမုဒြာကို ချက်ချင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့အစည်း ၃ ဖွဲ့က ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ဒီနေ့အထိ နှစ်ပတ်ကြာ ဖမ်းဆီးစစ်ဆေးလျက်ရှိတဲ့ မျိုးသမီး သတင်းထောက် တစ်ဦးကို ဖမ်းဆီးထားခြင်းအပေါ် Myanmar Women in Media (MWiM) နဲ့ မိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းတွေဖြစ်တဲ့ Burma Women’s Union (BWU)၊ Sisters 2 Sisters အဖွဲ့တွေက တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။
သတင်းထောက် မမုဒြာဟာ သတင်းမီဒီယာလုပ်ငန်းကို ထမ်းဆောင်နေခြင်းသာ ဖြစ်ပြီး သတင်းထောက်တစ်ဦးကို အခုလို ကြာရှည်စွာ ဖမ်းဆီးစစ်ဆေးနေတာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု နဲ့ လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို တိုက်ရိုက်ထိပါးစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ULA/AA အနေဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ သတင်းလွတ်လပ်ခွင့် နဲ့ သတင်းထောက် တစ်ဦးရဲ့ သတင်းအလုပ် လုပ်ကိုင်နေခြင်းကို နားလည်ပြီး သတင်းထောက် မမုဒြာကို အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းထားကြပါတယ်။
သတင်းလွတ်လပ်ခွင့်ကို လေးစားဖို့ တောင်းဆိုခြင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ မီဒီယာသမားတွေကို ၎င်းတို့ရဲ့ တာဝန်ဝတ္တရားတွေ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အပြည့်အဝ လေးစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
သတင်းအလုပ်လုပ်ကိုင်ခြင်းကို အကြောင်းပြု၍ ဖမ်းဆီးခြင်းဟာ သတင်းလွတ်လပ်ခွင့် (Freedom of Press) နဲ့ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (RSF) မှာ နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် ၁၆၉ ဖြင့် အလွန်ဆိုးရွားစွာ ရပ်တည်နေတဲ့ အခြေအနေမှာ မီဒီယာသမားတွေအပေါ် ဖိအားပေးမှုတွေ ထပ်မံဖြစ်ပေါ်ခြင်းကို မိမိတို့ အမျိုးသမီးများအဖွဲ့အစည်းက ပြင်းထန်စွာ – ရှုတ်ချတယ်လို့ ဆိုပါတယ်။
အမျိုးသမီး မီဒီယာသမားတွေရဲ့ ဘေးကင်းလုံခြုံရေး Myanmar Women in Media (MWiM) ဟာ အမျိုးသမီး မီဒီယာသမားတွေအတွက် ဦးစားပေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ၊ တိုက်ပွဲနယ်မြေ နဲ့ စိန်ခေါ်မှုများတဲ့ ဒေသတွေမှာ ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးသတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား စိုးရိမ်ပူပန်တယ်လို့ ဆိုပါတယ်။
Myanmar Women in Media (MWiM) အနေဖြင့် အာဏာပိုင်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးအနေဖြင့် မီဒီယာသမားတွေရဲ့ လုပ်ငန်းခွင် လွတ်လပ်မှု နဲ့ ဘေးကင်းလုံခြုံမှုကို လေးစားလိုက်နာဖို့ ထပ်မံတိုက်တွန်းလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မမုဒြာ ဟာ စစ်ပွဲကာလ လိုက်နာရမယ့် စည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင်နေမှုကြောင့် ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ The Irrawaddy သတင်းဌာနမှာ ဖြေဆိုထားပါတယ်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း စက်တင်ဘာ ၂၃ ရက်နေ့မှာ အမျိုးသမီးသတင်းသမား မမုဒြာကို AA မှ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ဖားကန့်အခြေစိုက် သတင်းသမား ၂ ဦးဖြစ်တဲ့ သတင်းထောက် ကိုတာလင်းမောင် နဲ့ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်တပ်ဖွဲ့ (KIA) က ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် သတင်းသမားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနက် KIA က အစောဆုံးဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နောက် လက်ရှိမှာ အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။