Home » ဗန်းမောက်မှာ သျှမ်းနီစာပေသင်တန်း ဖွင့်လှစ်

ဗန်းမောက်မှာ သျှမ်းနီစာပေသင်တန်း ဖွင့်လှစ်

by Homeland Author

ဗန်းမောက်မြို့နယ်အတွင်းရှိ မံစီကြီးဒေသစိတ် နဲ့ မံလူဒေသစိတ်တို့မှာ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုသင်တန်းတွေကို ၂၀၂၆ ခုနှစ် နွေရာသီကာလအတွင်း တစ်ပြိုင်တည်းဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။

အဲဒီ သင်တန်းတွေကို ဗန်းမောက်မြို့နယ်ရှိ သျှမ်းနီဒေသကျေးရွာအသီးသီးမှာ သျှမ်းနီတို့ရဲ့ စာပေ၊ ဘာသာစကား နဲ့ ရိုးရာယဉ်ကျေးမှုတွေ ထိန်းသိမ်းဖော်ဆောင်နိုင်ရေးအတွက် ချမှတ်ထားတဲ့ လုပ်ငန်းစီမံချက်တွေအရ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်တွေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မံစီကြီးဒေသစိတ်မှာ သျှမ်းနီစာပေသင်ကြားရေး မော်ဆွမ်ဆရာဖြစ်သင်တန်းကို ၂၀၂၄ ခုနှစ်က ရွှေတော် သျှမ်းနီလူငယ်ရုံးမှာ ပထမအကြိမ်၊ ၂၀၂၅ ခုနှစ်မှာတော့ နောင်ပွတ်အခြေခံပညာကျောင်းမှာ ဒုတိယအကြိမ် နဲ့ ၂၀၂၆ ခုနှစ်အတွင်း နမ်းမားအုပ်စုမှာ တတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မံလူဒေသစိတ် ပင်ပုံအုပ်စုမှာလည်း ၂၀၂၆ ခုနှစ်အတွက် ပထမအကြိမ် မော်ဆွမ်ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်သင်ကြားနေပြီး သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတွေကို လူငယ်တွေထံ လက်ဆင့်ကမ်းပို့ချပေးနေတယ်လို့ ဆိုပါတယ်။

ဒေသခံသျှမ်းနီတို့ရဲ့ ပြောကြားချက်အရ အဲဒီသင်တန်းတွေမှာ သျှမ်းနီလူမျိုးတို့ရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ကွယ်စေရေး၊ မျိုးဆက်သစ်တွေအတွက် အမျိုးသားရေးအသိအမြင် မြှင့်တင်ပေးနိုင်ရေးအတွက် အရေးပါတဲ့ အစီအစဉ်တစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

သျှမ်းနီစာပေနဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်သင်ကြားပေးနေတဲ့ မော်ဆွမ်ဆရာတွေ၊ ပံ့ပိုးကူညီသူတွေ နဲ့ ဒေသခံပြည်သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် သျှမ်းနီစာပေ နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဆက်လက်ရှင်သန်ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ရကြောင်း ဆိုပါတယ်။

related posts

Leave a Comment