ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည် တည်ဆောက်ရေးတို့ကို ရည်မှန်းချက်ထား၍ ပြတ်သားစွာ ဆက်လက် အကောင်အထည် ဖော်သွားဖို့လည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လာပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီးနောက် နိုင်ငံရေးအရ တန်းတူညီမျှမှု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည် တည်ဆောက်ရေးတို့ကို ရည်မှန်းချက်ထားတယ်လို့ ဆိုပါတယ်။
မွန်လူမျိုးတို့ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ လူမျိုးတစ်မျိုး ဖြစ်တဲ့အားလျော်စွာ မိမိတို့ရဲ့ အမျိုးသားရေးအခွင့်အရေးတွေ ရရှိရေး အတွက် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် နိုင်ငံရေးအရ တောင်းဆိုကြိုးပမ်း ခဲ့ကြတယ်လို့ ဆိုပါတယ်။
သို့သော်လည်း အောင်မြင်မှုမရရှိခဲ့သည့်အတွက် သက္ကရာဇ် ၁၉၄၈ ခုနှစ်မှာ မွန်လူငယ် ၂၇ ဦးတို့ ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ကာကွယ်ရေးစခန်းနဲ့ အနီးဝန်းကျင်ရှိ စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ မွန်တို့ရဲ့ ခေတ်သစ် တော်လှန်ရေးဟာ ယနေ့တိုင် ဆက်လက်တည်မြဲနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့မှာ မွန်တစ်မျိုးသားလုံးရဲ့ အမျိုးသားရေးရပိုင်ခွင့်၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေ ရရှိရေးအတွက် သမိုင်း တစ်လျှောက် စေတနာ၊ အနစ်နာခံမှုတို့ဖြင့် ပေးဆပ် စွန့်လွှတ်ခဲ့ကြတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ အာဇာနည်သူရဲကောင်းတွေကို လေးစားဂုဏ်ပြု၍ လှိုက်လှဲစွာ ဦးညွှတ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေအနေဖြင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင် ချေမှုန်းဖယ်ရှားနိုင်ရေးနဲ့ စစ်တပ် ကျရှုံးရေးအတွက် အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ရာမှာ မွန်ပြည်အတွင်းရှိ မွန်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား အမျိုးသားရေးအရ ညီညွတ်မှု၊ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစွာ တည်ဆောက်သွားမှာဖြစ်ပြီး မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ (EROs) နဲ့ နွေဦးတော်လှန်ရေးအင်အားစုများ (Spring Revolution Forces) နဲ့အတူ လက်တွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မွန်အမျိုးသားထုတစ်ရပ်လုံးနဲ့ မွန်ပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ အနေဖြင့်လည်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ နိုင်ငံရေးအခွင့်အရေးတွေ အပြည့်အဝ ရရှိတဲ့အထိ အပြီးသတ်အောင်ပွဲရရှိရေးအတွက် တော်လှန်ရေးမှာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ တို့ဖြင့် တက်ကြွစွာ ပါဝင်ကူညီပေးကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က တိုက်တွန်းထားပါတယ်။