Home » ခန္တီးမှာ ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၄၀ ကျော်ကို နာဂအဖွဲ့ ကြိုးတုပ် ဖမ်းဆီး

ခန္တီးမှာ ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ် ၄၀ ကျော်ကို နာဂအဖွဲ့ ကြိုးတုပ် ဖမ်းဆီး

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ခန္တီးမြို့နယ် မှန်ပင်ကျေးရွာအတွင်း ဇူလိုင် ၂၉ ရက်နေ့က ဒေသခံ ရှမ်းနီ၊ နာဂ၊ ဗမာလူငယ်တွေအပါအဝင် ရွှေလုပ်သား ၄၀ ကျော်ကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် ည ၈ နာရီမှာ အရပ်ဝတ်စုံ နဲ့ ကျည်ကာဝတ်စုံ ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဗမာစကားပြော နာဂလက်နက်ကိုင် အဖွဲ့တစ်ခု ရောက်ရှိလာပြီး ဒေသခံလူငယ် ယောက်ျားလေးတွေ နဲ့ မိန်းကလေးတွေကို ကြိုးတုပ်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဖမ်းဆီးမှုမှာ မှန်ပင်ကျေးရွာအပြင် ကင်းတော်ရွာ၊ စာဖျောက်ရွာ၊ ဆာဆောရွာနဲ့ တိန်းအင် စတဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှ ရှမ်းနီ၊ နာဂ နဲ့ ဗမာ တိုင်းရင်းသား လူငယ် ၂၃ ဦး ပါဝင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း ရွှေမျောလုပ်ငန်းခွင်တွေမှ ရွှေလုပ်သားတွေ နဲ့ စားဖိုမှူးအမျိုးသမီး ၁၉ ဦးထက်မနည်းကို နာဂလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးမှုတွေဟာ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း/အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENNO/ENDA) ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး ၎င်းပြောဆိုမှုကို အတည်ပြုနိုင်ဖို့အတွက် ENNO/ENDA ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ENNO/ENDA အဖွဲ့ကိုတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိကာ KIA နဲ့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ဘာလို့ ဖမ်းတာလဲဆိုရင် ဟိုတလောက နန်စီပွန်မှာ PDF တွေကို ကား ၅ စီးလောက်နဲ့ ဆယ်ဇင်းဘက် စစ်ကူပို့ထားတော့ လူလိုလို့ ဖမ်းတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ခန္တီးမြို့နယ်အတွင်း ဒေသခံလူငယ်တွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိ ခန္တီးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်အတွင်းမှာတော့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ENNO/ENDA အဖွဲ့တွေလည်း လှုပ်ရှားကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment