ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို နေရာဒေသအနှံ့အပြားမှာ နေ့စဉ်ဖြိုချဖျက်ဆီးနေမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ဒီနေ့ ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ စစ်တပ်၊ ရဲတပ်ဖွဲ့၊ စည်ပင် သာယာရေးဝန်ထမ်းတွေနဲ့ ညအမှောင်ကို အကာအကွယ်ယူ၍ အများပြည်သူပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို နေရာဒေသအနှံ့အပြားမှာ နေ့စဉ်ဖြိုချဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြိုချဖျက်ဆီးမှုတွေစာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတနဲ့ အထောက်အထားတွေကို ဖျက် ဆီးနေခြင်းဖြစ်သည်သာမက ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာလို့ NLD က ဆိုပါတယ်။
NLD ဟာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်တွေကို အလေးဂရုပြု တန်ဖိုးထားသောအားဖြင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ထုတွေ တည်ဆောက်ရေးလုပ်ငန်းတွေကို ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ရပ်တွေ လုပ်ဆောင်ဖို့ ညွှန်ကြားသူတွေနဲ့ ပူးပေါင်းပါဝင်သူတွေဟာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတ၊ အထောက်အထားတွေ နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းဖြစ်တာကြောင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။