Home » လူထုတွေ ရွှေကူမြို့က ထွက်ဖို့ ပြောတဲ့ KIA ကို TNDP ကန့်ကွက်

လူထုတွေ ရွှေကူမြို့က ထွက်ဖို့ ပြောတဲ့ KIA ကို TNDP ကန့်ကွက်

by Homeland Author

ရွှေကူမြို့ကနေ ပြည်သူလူထုတွေ ထွက်ခွာဖို့ စာထုတ်ခဲ့တဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ကို တိုင်လိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ကန့်ကွက်ကြောင်း ဇွန်လ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုးရွှေကူလမ်းမကြီးအားလုံးကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ပင်လိုက်တယ်လို့ KIA က ထုတ်ပြန်ခဲ့ပါတယ်။

ရွှေကူမြို့အတွင်းရှိ ပြည်သူတွေအားလုံး ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ကြဖို့ ဇွန်လ (၈) ရက် ရက်စွဲနဲ့ KIA အမှတ်(၁၂) တပ်ရင်းမှ သဘောထားထုတ်ပြန်ထားသည်ကို မိမိတို့ တိုင်လိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေကူမြို့ကို တိုက်ခိုက်လိုတဲ့ KIA ရဲ့ ရည်မှန်းချက်ကို ရပ်တန့်ဖို့ နဲ့ အခြားဒေသတွေမှာလည်း ရန်လိုတဲ့တိုက်ပွဲ ဖော်ဆောင်မှုတွေကို လုံးဝရပ်ဆိုင်းဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ရွှေကူမြို့အဝင်ဆိုင်းဘုတ်

KIA ရဲ့ ရန်လိုမှုကြောင့် လူမျိုးရေးပြဿနာဖြစ်ခဲ့ရင် KIO/KIAရဲ့ တာဝန်သာဖြစ်ကြောင်း TNDP ရဲ့ အသိပေးသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KIA ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကသာမြို့တွေကိုလည်းကောင်း၊ ကချင်ပြည်နယ်ရှိ မံစီ၊ မိုးမောက်၊ ဗန်းမော်မြို့တွေကိုလည်းကောင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ရာ ပြည်သူတို့ရဲ့ အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဘဝသို့ရောက်ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

KIA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ကိုစွန့်ခွာကြရတဲ့ ပြည်သူတွေဟာ လမ်းခရီးမှာ KIA၊ PDF တို့ရဲ့ စုဆောင်းရေးဆွဲခံရတာ၊ တစ်နယ်တစ်ကျေးမှာ ဘဝကိုခက်ခဲပင်ပန်းကြီးစွာ ရပ်တည်နေရတာတွေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ ပြည်သူလူထုကို ဒုက္ခပင်လယ်ထဲသို့ တွန်းချလိုက်သလို ဖြစ်နေတယ်လို့ တိုင်လိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်တပ် နဲ့ KIA တို့ဟာ ဗန်းမော်၊ ဖားကန့်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမီးလောင်မှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment